
၁၅. ၂. ၂၀၂၅
Written by Nyein Kyaw
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်ရှိ သိင်္ဂုတ္တရကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်သည့် ရွှေတိဂုံစေတီတော်မြတ်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှုအခြေအနေအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ယနေ့ နံနက်ပိုင်းတွင် သွားရောက်ဖူးမြော်ကြည်ညိုခဲ့ပြီး ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ခဲ့သည်။
SAC ဥက္ကဋ္ဌသည် စေတီတော်မြတ်ကြီး အထက်ပစ္စယံရှိ ပတ္တမြားမျက်ရှင် ရုပ်ပွားတော်မြတ်အား ဖူးမြော်ကြည်ညိုကာ မြသပိတ်ဆွမ်းတော်၊ ပန်း၊ ရေချမ်း တို့ကို ကပ်လှူပူဇော်ခဲ့သည်။ ထို့နောက် SAC ဥက္ကဋ္ဌသည် အဖွဲ့ဝင်များနှင့်အတူ ငြမ်းစေတီပေါ်သို့ တက်ရောက်၍ စေတီတော်ကြီးလုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ရွှေတိဂုံစေတီတော်မြတ်ကြီး စိန်ဖူးတော်မြတ်၏ ကြံ့ခိုင်မှုအား ကြည့်ရှုစစ်ဆေးဖူးမြော်ကြည်ညိုပြီး စိန်၊ ရွှေ၊ ကျောက်သံ ပတ္တမြားများနှင့် သာသနာရေးဆိုင်ရာ ပစ္စည်းများကို ကပ်လှူပူဇော်ကာ ပရိတ်နံ့သာရည်များဖြင့် ပက်ဖြန်းပူဇော်ကြသည်။




ယင်းနောက် SAC ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ငြမ်းစေတီအထက်မှ ရန်ကုန်မြို့၏ မြို့ပြဖွံ့ဖြိုးတိုးတက်မှု မြင်ကွင်းများအား ကြည့်ရှုပြီး မြို့သာယာလှပရေးနှင့် အဆင့်မြှင့်တင်နိုင်ရေး ဆက်လက်ဆောင်ရွက်နိုင်မည့် အခြေအနေများကို ဆွေးနွေးပြောကြားခဲ့ပြီး ရွှေတိဂုံစေတီတော်ငှက်မြတ်နားတော်မြတ်၏ ကြံ့ခိုင်မှုများနှင့် ယခင်အလှူရှင်များ၏ လှူဒါန်းမှုများအား ကြည်ညိုသဒ္ဓါတရားပွားများ ဖူးမြော်ကြည်ညိုခဲ့ကြသည်။
ထို့နောက် SAC ဥက္ကဋ္ဌသည် ရွှေတိဂုံစေတီတော်မြတ်ကြီး ငှက်ပျောဖူးတော်နေရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဇနီးဒေါ်ကြူကြူလှ၊ သားသမီးမြေးတစ်စုတို့က လှူဒါန်းသည့် ရွှေစင် ၆ ကျပ်သားရှိ ရွှေပြားသင်္ကန်းတော် ၂ ချပ်အား ကပ်လှူပူဇော်ပြီး ပရိတ်နံ့သာရည်များ ပက်ဖြန်းပေးသည်။
SAC ဥက္ကဋ္ဌထံ သာသနာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ဂေါပကအဖွဲ့ဝင်များက ရွှေတိဂုံစေတီတော်မြတ်ကြီးအား ခေတ်အဆက်ဆက် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်ခဲ့မှုနှင့် ယခု ၂၀၂၄-၂၀၂၅ ခုနှစ် လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးမှု အခြေအနေများကိုတင်ပြရာ၌ လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူရန်အတွက် ၆ ကျပ်သားရှိ ၁ ပေပတ်လည် ရွှေပြား(Gold Plate)အနေဖြင့် စုစုပေါင်း ၁၂၀၀ ချပ် လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိ ကပ်လှူပြီးစီးမှုမှာ ၁၀၆၀ ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၁၄၀ ချပ် လိုအပ်လျက်ရှိမှု၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating)အနေဖြင့် စုစုပေါင်း ၁၀,၀၀၀ ချပ် လိုအပ်မည်ဖြစ်ပြီး ယခုလက်ရှိကပ်လှူပြီးစီးမှုမှာ ၇,၅၀၀ ချပ်ဖြစ်သဖြင့် ကပ်လှူရန်ကျန် ၂,၅၀၀ ချပ် လိုအပ်လျက်ရှိမှုတို့ တင်ပြခဲ့ကြသည်။
လက်ရှိတွင် ၆ ကျပ်သားရှိ ၁ ပေပတ်လည်ရွှေပြား(Gold Plate) ၁၄၀ ချပ်နှင့် ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) ၂၅၀၀ ချပ်တို့ ကပ်လှူရန်ကျန်ရှိနေသေး၍ စေတနာရှင်အလှူရှင်များအနေဖြင့် ၆ ကျပ်သားရှိ ၁ ပေ ပတ်လည်ရွှေပြား(Gold Plate) တစ်ချပ်လျှင် ငွေကျပ်သိန်း ၁၅၀ နှုန်း၊ ၁ ကျပ်သားရှိ ရွှေစင်ပြား(Gold Coating) တစ်ချပ်လျင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် အသီးသီးပါဝင် ကုသိုလ်ပြုလှူဒါန်းနိုင်ကြောင်း သိရသည်။
ရွှေတိဂုံ စေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းတော်ကပ်လှူပူဇော်မှုအနေဖြင့် ခရစ်နှစ် ၁၈၉၉ ခုနှစ်တွင် ငှက်ပျောဖူးတော်ကို ရွှေပြားသင်္ကန်းဖြင့် စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ပြီး ၁၉၃၆ ခုနှစ်တွင် ဒုတိယ ဖောင်းရစ်အထိ ရွှေပြားကပ်လှူပူဇော်ခဲ့ကြောင်း၊ ထို့နောက် ၁၉၄၉ ခုနှစ်မှ ၁၉၇၀ ခုနှစ်အထိ ၃ နှစ်လျှင်တစ်ကြိမ်၊ ၄ နှစ်လျှင်တစ်ကြိမ် ရွှေသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြကြောင်း၊ ယင်းနောက် ၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ၄ နှစ်လျှင် တစ်ကြိမ်၊ ၅ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြပြီး ယင်းကာလအတွင်း နာဂစ်မုန်တိုင်းကဲ့သို့ သဘာဝဘေးအန္တရာယ်အပါအဝင် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရသည့် ရွှေပြားများကိုလည်း လဲလှယ်ကပ်လှူပူဇော်ခဲ့ကြကြောင်း သိရသည်။
၁၉၈၀ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ (နှစ်ပေါင်း ၄၀ ခန့်ကာလအတွင်း) ၄ နှစ်လျှင်တစ်ကြိမ်၊ ၅ နှစ်လျှင် တစ်ကြိမ် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ကြရာ ယခု ၂၀၂၄-၂၀၂၅ ခုနှစ်တွင် ၉ ကြိမ်မြောက် လုံးတော်ပြည့် ရွှေသင်္ကန်းတော်ကပ်လှူပူဇော်သွားမည်ဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူပူဇော်ရန်အတွက် ငြမ်းစေတီကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်တွင် စတင်တည်ဆောက်ခဲ့ပြီး အောက်တိုဘာ ၁၈ ရက်နေ့မှစ၍ မင်္ဂလာရထားပျံဖြင့် ရွှေပြားသင်္ကန်းတော်များကို စတင်ကပ်လှူပူဇော်ခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု ၈၀ ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း၊ ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းလုပ်ငန်းများကို ယခုနှစ် မတ်လတတိယပတ်တွင် ပြီးစီးအောင်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။
