
၁၅ .၂ .၂၀၂၅
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်၊ သုမင်္ဂလာလမ်း၊ သုမင်္ဂလာအိမ်ရာရှိ လူနေနှစ်ထပ်အိမ် မီးလောင်မှု ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်နေ့ မနက် ၁၁ နာရီ အချိန်ခန့်က ဖြစ်ပွားခဲ့ပြီး မီးလောင်မှုအတွင်း အမျိုးသားတစ်ဦးသေဆုံးခဲ့တယ်လို့ အောင်ရဲသူ လူမှုကူညီရေး အသင်းထံကနေ သိရှိရပါတယ်။

မီးလောင်မှုဖြစ်စဉ်က သုမင်္ဂလာအိမ်ရာအတွင်းရှိ နှစ်ထပ်တိုက်တစ်လုံးရဲ့ အောက်ထပ်မှာ လောင်ကျွမ်းတာလို့ သိရပြီး မီးသတ်တပ်ဖွဲ့နဲ့ နီးစပ်သူတွေရဲ့ ပြောကြားချက်အရ လျှပ်စစ်ဝါယာရှော့ခ်ဖြစ်ရာက စတင်လောင်ကျွမ်းတာလို့ ဆိုပါတယ်။
မီးလောင်မှုအတွင်းသေဆုံးသူအမျိုးသားမှာ အသက် လေးဆယ်ကျော်အရွယ် လေဖြတ်ဝေဒနာ ခံစားနေရသူဖြစ်တယ်လို့ သိရှိရပြီး ဖြစ်စဉ်အခြေအနေကို အောင်ရဲသူလူမှုကူညီရေးအသင်းက ပြောပြရာမှာ “သူက အိပ်ခန်းထဲမှာ အိပ်နေတုန်း အပြင်မှာ လောင်နေတာ။ အဲဒါကနေ မီးခိုးမွှန်ပြီး ထွက်လို့မရတော့တာကနေ လောင်ကျွမ်းသေဆုံးတယ်လို့ ယူဆရပါတယ်” လို့ MT News ကို ပြောပါတယ်။
အဆိုပါမီးလောင်မှု ဖြစ်စဉ်ကို သင်္ဃန်းကျွန်းမြို့နယ်မီးသတ်စခန်းမှ မီးသတ်ယာဉ်(၁)စီး ထွက်ခွာငြှိမ်းသတ်ခဲ့ပြီး သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ Medical လူငယ်များ လူမှုကူညီရေးအသင်းက သယ်ဆောင်ပြီး စံပြဆေးရုံဆီ ပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။