
၈ .၂ .၂၀၂၅
Written by Hey Mar
ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ၁/ အနော်မာရပ်ကွက်ရှိ ရပ်ကွက်သောက်သုံးရေကန်အတွင်း အသက် ၆၀ ဝန်းကျင် အမျိုးသားတစ်ဦးရဲ့ ရုပ်အလောင်း ဒီနေ့ ဖေဖော်ဝါရီ ၈ ရက်နေ့ မနက် အစောပိုင်းက တွေ့ရှိဆယ်ယူခဲ့ရကြောင်း ဒေသခံ လူမှုကူညီရေး အသင်းထံကနေ သိရပါတယ်။
ရေကန်ထဲ သေဆုံးနေသူ အမျိုးသားကြီးက အနီးအနား ပတ်ဝန်းကျင်ရပ်ကွက်နေသူမဟုတ်ဘဲ အမည်၊ နေရပ်မသိ ပိုင်ရှင်မဲ့ ဖြစ်နေကြောင်းလည်း ရုပ်အလောင်းဆယ်ယူသူ ပရဟိတအသင်းတာဝန်ရှိသူက ဆိုပါတယ်။

အဆိုပါတာဝန်ရှိသူက “ကန်က အရိပ်ကောင်းတယ်။ အေးတယ်။ ညနေပိုင်းဆိုလည်း လမ်းလျှောက်သူ၊ နေ့လယ်နေ့ခင်းတိုလည်း အရိပ်မှာ လာပြီး အရက်သေစာ သောက်စား၊ ကန်ဘောင်မှာ အိပ်နေတာတွေလည်း ရှိတယ်။ အခုကတော့ သူက ဘယ်လို ပြုတ်ကျလဲ မသိဘူး။ အချက်အလက်က ဘာမှ မသိရသေးဘူး။ ကန်က လူစားတယ်လို့လည်းပြောကြတာပေါ့။ နှစ်စဉ် သေနေကြဆိုတော့။ ဒါလည်း လွန်ခဲ့တဲ့ နှစ်ရက်လောက်က ပြုတ်ကျနေတာဖြစ်မယ်။ အခုပေါ်လာတာ”လို့ MT News ကို ပြောပါတယ်။

သေဆုံးသူ အမျိုးသားကြီးရဲ့ ရုပ်အလောင်းကို အောင်နိုင်သူ လူမှုကူညီရေးအသင်းက ယာဉ်နဲ့ စံပြဆေးရုံကြီး ဆီ ပို့ဆောင်ပေးခဲ့ပြီး ဆေးရုံက PR 88နဲ့ လက်ခံထားရှိတယ်လို့ သိရပါတယ်။
၁/အနော်မာရပ်ကွက် ကန်က သောက်ရေကန်ဖြစ်တာကြောင့် ကန်သန့်ရှင်းရေး ပြန်လည်ပြုလုပ်နိုင်ဖို့လည်း မြို့နယ်စည်ပင်နဲ့ ရပ်ကွက်နေထိုင်သူတွေ ပူးပေါင်းဆောင်ရွက်နေကြကြောင်းလည်း သိရှိရပါတယ်။
