
၈.၂.၂၀၂၅
Translated by Htwe Ko Tun
မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဒါတွက် ဆီရီ မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံ အကျပ်အတည်းအခြေအနေကို ဆက်လက်လည်ပတ်ဖြစ်ပွားနေမှုမရှိစေဖို့ သေချာစွာတားဆီးမှုပြုပြီး ကိုင်တွယ်ဖြေရှင်းဖို့ အရေးကြီးတယ်လို့ ဖေဖော်ဝါရီလ ၆ ရက်က အလေးထားပြောကြားခဲ့ပါတယ်။
ဒီပြဿနာမှာက ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအများကြီးရှိနေတော့ ရှုပ်ထွေးတဲ့သဘာဝရှိပြီး ပြဿနာကိုဖြေရှင်းရာမှာ တိကျမှုရှိဖို့ လိုတယ်လို့လည်း ပြောကြားသွားခဲ့ပါတယ်။
ပါလီမန်မှာ မေးမြန်းချက်တွေကို ဖြေကြားစဉ်မှာ ဝန်ကြီးက ပြောခဲ့တာဖြစ်ပြီး သူက အကျပ်အတည်းမှာပါဝင်ပတ်သက်နေတဲ့ အဖွဲ့တွေအကြား သီးခြားညှိနှိုင်းဆွေးနွေးမှုတွေ၊ တစ်ဦးချင်းဆွေးနွေးမှုတွေအပါအဝင်မြန်မာနိုင်ငံအခြေအနေနဲ့ပတ်သက်လို့ အနုစိတ်ချဉ်းကပ်မှုတစ်ရပ်ဖြစ်တဲ့ အများသဘောတူဆန္ဒငါးချက်(5PC) ကို အကောင်အထည်ဖော်ဖို့ မလေးရှားနဲ့ အာဆီယံအဖွဲ့ခေါင်းဆောင်တွေက ဆက်လက် ဆောင်ရွက်သွားမယ်လို့ လည်း ပြောခဲ့ပါတယ်။
တိုးတက်မှုတစ်ရပ်အနေနဲ့တော့ နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟာဆန်က မြန်မာနိုင်ငံဆိုင်ရာအာဆီယံ အထူးကိုယ်စားလှယ် တန်ဆရီ အို့သ်မန် ဟာရှင်က သူ့ရဲ့တာဝန်တွေကို စတင်ခဲ့ပြီးလက်ရှိမှာ အကျပ်အတည်းအခြေအနေမှာပါဝင်နေတဲ့အဖွဲ့တွေနဲ့ မြန်မာနိုင်ငံမှာတွေ့ဆုံဖို့ရှိတယ်လို့လည်း ပြောခဲ့ပါတယ်။
အင်ဒိုနီးရှားက အာဆီယံ အလှည့်ကျတာဝန်ယူစဉ် ၂၀၂၃ ခုနှစ်အတွင်းမှာ စတင်ခဲ့တဲ့ အာဆီယံသုံးပွင့်ဆိုင် ယန္တရား ကလည်း အခု မလေးရှားက အလှည့်ကျတာဝန်ယူရချိန်မှာ အချက်အချာကျတဲ့ ကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ မိုဟာမက် ဟာဆန်က ဆိုပါတယ်။
သူက မြန်မာ့တပ်မတော်နဲ့ ကိုးကန့်လက်နက်ကိုင်တွေအကြား အပစ်အခတ်ရပ်စဲမှုလို တရုတ်နိုင်ငံက ကြားဝင်ဆောင်ရွက်မှုတွေကလည်း အပြုသဘောဆောင်တယ်လို့ဆိုခဲ့ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းနိုင်ဖို့ရာ ထူးခြားတဲ့စိန်ခေါ်မှုတွေရှိနေသေးပြီး သေချာမှုရှိပြီး မဟာဗျူဟာမြောက်တဲ့နည်းလမ်းနဲ့ ထိတွေ့ဆောင်ရွက်ရမယ်လို့ နောက်ဆုံးပြောခဲ့ပါတယ်။
Ref, The Star
