
MT News
၇. ၂. ၂၀၂၅
လက်နက်ကိုင်အဖွဲ့အစည်းများရှိသည့် နယ်မြေဒေသများရှိ ဒေသခံပြည်သူများသည် နိုင်ငံနှင့် ပြည်သူတို့၏အကျိုးစီးပွားကိုထိခိုက်စေသည့် အကြမ်းဖက်မှုများနှင့် တိုက်ခိုက်မှုများကို စိတ်ကုန်မုန်းတီးနေကြပြီဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်က (၇၈) နှစ်မြောက် ရှမ်းပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာတွင် ထည့်သွင်းပြောကြားလိုက်သည်။
ယနေ့အချိန်အခါတွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ဦးတည်ချက် (၉) ရပ်တို့ကို ချမှတ်ကာ ဆောင်ရွက်လျက်ရှိပြီး တည်ငြိမ်အေးချမ်းရေးနှင့် ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး ပြင်ဆင်လျက်ရှိသည်။ နိုင်ငံတော်၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်တွင်ပါရှိသည့် “နိုင်ငံတော်၏ ပကတိအနှစ်သာရဖြစ်သော ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရရှိထားသည့် ပြည်တွင်းငြိမ်းချမ်းရေးရလဒ် တည်ငြိမ်မှုဖြစ်စေရေးအတွက် (NCA) ပါ သဘောတူညီချက်များအတိုင်း ဖြစ်နိုင်သမျှ အလေးထား လုပ်ဆောင်သွားမည်” ဆိုသည့်အတိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို နိုင်ငံတော်ဘက်မှ စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ထို့အတွက် တိုင်းရင်းသားလက်နက်ကိုင်များအနေဖြင့် မိမိတို့၏ဆန္ဒနှင့် မိမိအဖွဲ့အစည်း အကျိုးစီးပွားထက် ဖြစ်သင့်ဖြစ်ထိုက်သည့် ပြည်ထောင်စုနှင့် တိုင်းရင်းသားပြည်သူအားလုံး၏ အကျိုးစီးပွားကို စိတ်ရင်းစေတနာမွန်ဖြင့် ရှုမြင်သုံးသပ်ကာ ပြည်ထောင်စုငြိမ်းချမ်းရေးကို ရှေးရှုတွေးမြင်လုပ်ဆောင်ကြရန် လိုအပ်သည်ဟု SAC ဥက္ကဋ္ဌက ပြောကြားသည်။
ထို့အပြင် နိုင်ငံဖွံ့ဖြိုးရေးအတွက် တည်ဆောက်ထားသည့် အခြေခံအဆောက်အအုံများ ပျက်စီးခဲ့သည့်အတွက် တိုင်းရင်းသားပြည်သူများ ဆင်းရဲဒုက္ခရောက်ကြရသကဲ့သို့ နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော လူ့စွမ်းအားအရင်းအမြစ်များ အဓိပ္ပာယ်မဲ့ပြုန်းတီးနေရသည်မှာလည်း နိုင်ငံအင်အားလျော့နည်းလာခြင်းသာ ဖြစ်သည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးအနေဖြင့် တည်ငြိမ်အေးချမ်းရေးနှင့် ထာဝရငြိမ်းချမ်းရေးအတွက် ဆောင်ရွက်ရာတွင် လေးလေးနက်နက် နားလည်သဘောပေါက်ပြီး ပူးပေါင်းဆောင်ရွက်ကြပါရန် ထပ်မံ တိုက်တွန်းလိုကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။
မိမိတို့နိုင်ငံတွင် လက်နက်ကိုင်ပဋိပက္ခသည် ခက်ခဲကြမ်းတမ်းသော စိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ မိမိတို့အနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူအကျိုးအတွက် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းပြီး ထာဝရ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းပြီး ဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံအဖြစ် ဖော်ဆောင်လိုသည့် ရည်ရွယ်ချက်သာရှိသည်။ ထို့ကြောင့် တိုင်းရင်းသားပြည်သူအားလုံး လိုလားသည့် နိုင်ငံရေးနည်း၊ တွေ့ဆုံဆွေးနွေးခြင်းနည်းများဖြင့်သာ ဖြေရှင်းကြရမည်ဖြစ်သည်။ တွေ့ဆုံဆွေးနွေးခြင်း နည်းများကသာ တည်ငြိမ်အေးချမ်းမှုကို ဖော်ဆောင်နိုင်ပြီး ပြည်သူများ၏ စီးပွားရေးနှင့်လူမှုရေးအခြေအနေများ တိုးတက်ကောင်းမွန်လာနိုင်မည်ဖြစ်သည်။
တိုင်းပြည်တစ်ပြည် ကောင်းစွာရှင်သန်ရပ်တည်နေနိုင်ရန် မိမိကိုယ်ကို ခုခံကာကွယ်နိုင်စွမ်းနှင့် မိမိတို့၏ လုပ်ကိုင်ဆောင်ရွက်နိုင်မှုများကို မြှင့်တင်နေကြရမည်ဖြစ်သည်။ မိမိတို့နိုင်ငံ၏ ရပ်တည် ရှင်သန်ရေးကို ကိုယ်စွမ်းကိုယ်စနှင့် မထိန်းသိမ်းနိုင်လျှင် နိုင်ငံ၏အချုပ်အခြာအာဏာ အားနည်းပြီး သူတစ်ပါးလက်အောက်ခံဘဝသို့ ကျရောက်နိုင်သည်ကိုလည်း သတိပြုကြရမည်ဖြစ်သည်။ လွတ်လပ်သည့်နိုင်ငံအဖြစ် တည်တံ့ခိုင်မြဲစေရန်၊ သူတစ်ပါးလက်အောက်ခံမဖြစ်စေရန် မိမိတို့အားလုံး စည်းလုံးညီညွတ်ကြရမည်ဖြစ်သည်။ နိုင်ငံတော်အတွက် ဘေးအန္တရာယ်ကျရောက်နိုင်သည့် ယခုအချိန်ကာလတွင် နိုင်ငံတော်ကာကွယ်ရေးအတွက် အဓိကတာဝန်ရှိသည့် တပ်မတော်နှင့်ပြည်သူတို့ ခိုင်မြဲစွာလက်တွဲပြီး တိုင်းပြည်ချစ်စိတ်၊ ရဲစွမ်းသတ္တိအပြည့်အဝဖြင့် နိုင်ငံတော်အဓွန့်ရှည်တည်တံ့ခိုင်မြဲရေးအတွက် စည်းလုံးညီညွတ်စွာ နိုင်ငံတော်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ကြရမည်ဖြစ်သည်။
မိမိတို့အနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရည်မှန်းချက်ဖြစ်သည့် လွတ်လပ်၍ တရားမျှတမှုအပြည့်ရှိသည့် ရွေးကောက်ပွဲကြီးကို အောင်မြင်စွာကျင်းပနိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ပြည်သူများက ပြည်ထောင်စုစိတ်ဓာတ်၊ အမျိုးသားရေး စိတ်ဓာတ်များဖြင့် မျိုးချစ်စိတ်များကိုအခြေခံပြီး စည်းလုံးညီညွတ်စွာဖြင့် တရားမျှတပြီး လွတ်လပ်သောရွေးကောက်ပွဲကြီး အောင်မြင်စေရေး ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လိုအပ်သည်ဟုလည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားသည်။
