
၆.၂.၂၀၂၅
Written by Hey Mar
လွန်ခဲ့တဲ့ သုံးလခန့်က ကွဲနေတဲ့ ယောကျ်ားက အလုပ်ရှာပေးမယ်ဆိုပြီး လိမ်လည်ခေါ်ယူကာ ဓားနဲ့လှီးဖြတ်သတ်ဖြတ်လိုက်တာကြောင့် အမျိုးသမီးသေဆုံးခဲ့တဲ့ ဖြစ်စဉ် ဒီနေ့ ဖေဖော်ဝါရီ ၆ ရက် မနက် ၁၁ နာရီ ဝန်းကျင်က လှိုင်သာယာမြို့နယ်၊ ရေတလိကျေးရွာမှာ ဖြစ်ပွားခဲ့တယ်လို့ ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးထံကနေ သိရပါတယ်။

ဖြစ်စဉ်က မသိမ့်…. အသက် (၃၀)နှစ် ကျောက်ကြီးကျေးရွာ နေထိုင်သူနဲ့ ကိုထက်ထက် အသက် (၂၇)နှစ် ရေတလိကျေးရွာနေထိုင်သူတို့က လွန်ခဲ့တဲ့ နှစ်နစ်ဝန်းကျင်ကတည်းက ကျောက်ကြီးကျေးရွာမှာ ပေါင်းသင်းနေထိုင်ကြကြောင်း၊ ပြီးခဲ့တဲ့ သုံးလခန့်က လင်မယားကွဲတာကြောင့် ကိုထက်ထက်က ရေတလိကျေးရွာဘက်မှာ အဆောင် ငှားရမ်းနေထိုင်နေကြောင်း၊ သေဆုံးသူ ဇနီးမသိမ့်….က လှိုင်သာယာမှာ အလုပ်သွားရောက်ရှာဖွေမယ်လို့ အဆက်အသွယ်ရတာကြောင့် ရေတလိဘက်ကိုလာရောက်ဖို့နဲ့ ဒီမှာ အလုပ်အကိုင်ရနိုင်ကြောင်း ပြောဆိုကာ နေထိုင်ရာ အခန်းဆီ လာရောက်ဖို့ ခေါ်ဆောင်ခဲ့ကြောင်း၊ မသိမ့်… ရောက်ရှိချိန် စကားများရန်ဖြစ်ကြတာကြောင့် မသိမ့်…ရဲ့ လည်ပင်း၊ မျက်နှာ တို့ကို ဓားနဲ့လှီးကာ လက်မောင်း ၊ ကျောကုန်းတို့ကို ဓားနဲ့ ထိုးသွင်း ပြစ်မှုကျူးလွန်ခဲ့တာလို့ သိရှိရပါတယ်။

အဆိုပါဖြစ်စဉ်ကြောင့် မသိမ့်…အသက်(၃၀)နှစ် ၊ကျောက်ကြီးကျေးရွာ ၊ လှိုင်သာယာမြို့နယ် နေထိုင်သူ သေဆုံးခဲ့ပြီး ပြစ်မှုကျူးလွန်သူကိုလည်း သက်ဆိုင်ရာရဲတပ်ဖွဲ့က ဖမ်းဆီးရမိတယ်လို့ သိရှိရပါတယ်။ ဖမ်းမိတရားခံကို လှိုင်သာယာမြို့နယ် ထန်းပင်ရဲစခန်းက ထိန်းသိမ်းထားပြီး တရားစွဲဆိုဆောင်ရွက်နိုင်ရေး ဆက်လက်စစ်ဆေးနေတယ်လို့လည်း သိရှိရပါတယ်။
