Muvmi ဘက်ထရီတပ် တုတ်တုတ်လျှပ်စစ်ကားတစ်စီးကို ဘန်ကောက်မြို့တွင်တွေ့ရစဉ်
၁၄. ၁. ၂၀၂၃
Translated by Htwe Ko Tun
ထိုင်းနိုင်ငံတွင် Urban Mobility Tech Co (UMT) ကုမ္ပဏီက Muvmi ဘက်ထရီများကို အသုံးပြုလျက် တုတ်တုတ် (Tuk-Tuk) အငှားယာဉ်များကို လျှပ်စစ်ကားများအဖြစ်ပြေးဆွဲသွားရန်နှင့် ၎င်းတို့အား ကြိုတင်ခေါ်ယူမှုစနစ်များကိုပါ တိုးတက်လာစေရေး ပြုလုပ်သွားရန် စတင်ဆောင်ရွက်နေကြောင်း သိရသည်။
ထိုအစီအစဉ်အရ ဘန်ကောက်မြို့တွင် ကမ္ဘာလှည့်ခရီးသွားများ အမှတ်တရ စီးနင်းလေ့ရှိကြသော သုံးဘီးတပ်တုတ်တုတ် ကားများအနက် ၂၀၂၃ ခုနှစ်အကုန်တွင် အရေအတွက် ၃၅၀ စီးမှ စီးရေ ၁,၀၀၀ အထိ လျှပ်စစ်ကားများအဖြစ် ပြေးဆွဲရန်နှင့် လျှပ်စစ်ရထားစီးနင်းသူများထံမှ လိုအပ်ချက်များကို တုတ်တုတ်လျှပ်စစ်ကားများက ဖြည့်ဆည်းပေးသွားနိုင်ရန် ရည်မှန်းထားသည်။
ဘန်ကောက်တွင် ရုံးနှင့်အိမ်အကြား မိုးပျံရထားနှင့်မြေအောက်ရထားကို အသုံးပြုသွားလာနေသော ပြည်သူများအကြား တုတ်တုတ် လျှပ်စစ်ကားစီမံချက်မှာလည်း ရေပန်းစားလာနေသည်။ လွန်ခဲ့သည့် ငါးနှစ်အတွင်း တုတ်တုတ်ကားများကို အသုံးပြုခဲ့သူ ၃ ဒသမ ၇ သန်းရှိခဲ့သည့်အပြင် UMT ကုမ္ပဏီက တုတ်တုတ် လျှပ်စစ်ကားများပြေးဆွဲမှုကို အခြားသောမြို့ကြီးများသို့ပါ ရည်မှန်းဆောင်ရွက်နေသည်။
Muvmi ဘက်ထရီများကိုအသုံးပြုပြေးဆွဲမည့် တုတ်တုတ်လျှပ်စစ်ကားများက လက်ရှိပြေးဆွဲနေသော တုတ်တုတ်အငှားယာဉ်များထက် ခရီးသည်ပိုမိုတင်ဆောင်နိုင်မည် ဖြစ်သည်။ နှစ်ရှည်စီမံကိန်းအနေဖြင့်မူ UMT ကုမ္ပဏီက လာမည့်ငါးနှစ်အတွင်း တုတ်တုတ်လျှပ်စစ်ကား အစင်းရေ ၄,၀၀၀ မှ ၅,၀၀၀ အထိ တိုးပွားလာစေရန်ရည်မှန်းကြောင်း ပြောကြားခဲ့သည်။ ၎င်းတို့က ယခုအခါ ထိုင်းအစိုးရ အဆင့်မြှင့်တင်ဆောင်ရွက်နေသော လျှပ်စစ်ကားစီမံချက်ကိုလည်း ပံ့ပိုးပေးရာရောက်မည်ဖြစ်ပြီး လူကြိုက်များလိမ့်မည်ဟု ယုံကြည်နေသည်။
ထိုင်းနိုင်ငံတစ်ဝန်းတွင် မှတ်ပုံတင်ထားသော တုတ်တုတ်အဌားယာဉ် ၃၀,၀၀၀ ခန့်ရှိပြီး အစင်းရေ ၉,၀၀၀ ခန့်မှာ ဘန်ကောက်မြို့တွင်ဖြစ်ကြောင်း သိရသည်။
Ref— Bangkok Post
