
၄.၂.၂၀၂၅
Written by Hey Mar
အသက်မသေသေးပေမယ့် သတိမရှိတော့တဲ့ လမ်းပေါ်စွန့်ပစ်အမျိုးသားလူနာတစ်ဦးကို မစီဒီးခန်းလူငယ်လူမှုကူညီရေးအသင်းက သန်လျင်မြို့နယ် ကွန်းခိုရာဆီ ကူညီပို့ဆောင်ပေးခဲ့ရတဲ့ဖြစ်စဉ် မနေ့က ဖေဖော်ဝါရီ သုံးရက်နေ့ မနက်ပိုင်းက ဆောင်ရွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ အမျိုးသားလူနာမှာ ရန်ကုန်မြို့၊ တောင်ဥက္ကလာပမြို့နယ်၊ ကျိုက္ကဆံလမ်းမပေါ်မှာ စွန့်ပစ်ခံရတာဖြစ်ပြီး အနီးအနားရပ်ကွက်က အကူအညီတောင်းခံလာတာကြောင့် မစီဒီးခန်းအသင်းမှ အစ/အဆုံး တာဝန်ယူကာ ကူညီပို့ဆောင်ပေးခဲ့တာလို့ ဆိုပါတယ်။
စွန့်ပစ်လူနာမှာ ဘယ်ကလာပြီး ဘယ်အချိန်လာစွန့်ပစ်သွားကြမှန်းလည်း မသိရှိကြသလို သူကိုယ်တိုင်ကလည်း တစ်ကိုယ်လုံးမလှုပ်ရှားနိုင်ဘဲ မျက်လုံးပုရွက်နီတွေ အုံလျက်၊ ရင်ဘက်မှာ ပိုးလောက်တွေ တွယ်ကာ၊ ဦးခေါင်းတစ်ခြမ်းလည်း ပိန်နေတယ်လို့ မြေပြင်အကူအညီဆောင်ရွက်ပေးခဲ့တဲ့ မစီဒီးခန်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက ပြောပါတယ်။

မစီဒီးခန်းလူငယ်လူမှုကူညီရေးအသင်းမှ တာဝန်ရှိသူက “ကျွန်တော်တို့က သေနေပြီထင်တာ။ မသေသေးဘဲ အသက်ငင်နေသလိုပေါ့။ အဲဒီမှာကျွန်တော်လည်း လက်အိပ်စွတ်ပြီး သူ့ခန္ဓာကိုယ်က ပုရွက်တွေ ပိုးလောက်တွေ ဖယ်ပေးရတယ်။ အနံ့အသက်ဆိုးရွားတာက အန်တောင်ထွက်မတတ်ပါဘဲ။ နောက်ပြီးတော့ အသင်းကပဲ ပိုက်ဆံစုပြီး သန်လျင်ကွန်းခိုရာဆီ ပို့ပေးခဲ့တယ်။ ဟိုကလည်း အသက်ရှင်ဖို့တော့ အာမ မခံဘူး။ ငြိမ်းငြိမ်းချမ်းချမ်း သွားနိုင်အောင် လက်ခံပေးလိုက်တာ” လို့ MT Newsကို ပြောပါတယ်။
စွန့်ပစ်ခံ အမျိုးသားလူနာမှာ အသက်နှစ်ဆယ့်ရှစ်နှစ်ဝန်းကျင်အရွယ်လို့ ခန့်မှန်းရပြီး မစီးဒီခန်းလူငယ်လူမှုကူညီရေးအသင်းတာဝန်ရှိသူတွေနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေရဲ့ ခန့်မှန်းချက်တွေအရတော့ ယာဉ်တိုက်ခံရတာကို စွန့်ပစ်ထားဟန်တူကြောင်း၊ အမည်နေရပ်မသိ လူနာအဖြစ်နဲ့သာ ကူညီထားရကြောင်းနဲ့ လူနာကို သိရှိပါက မစီးဒီခန်းလူငယ် လူမှုကူညီရေးအသင်း ဖုန်းနံပါတ် ၀၉၇၉၁၅၉၆၉၂၇ ထံ ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း အသိပေးထားပါတယ်။