
၁.၂.၂၀၂၅
Written By Thandar
၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲမှာ ပွဲတက်ရောက်လာတဲ့ မြန်မာ့ရုပ်ရှင် အနုပညာရှင် ၄ ဦးကို Myanmar Academy Fashion Award ဆုပေးအပ်မှာဖြစ်ပါတယ်။
“ကျွန်တော်တို့ အကယ်ဒမီပွဲတက်ရောက်လာကြတဲ့ အနုပညာတွေက ည ၆ နာရီခွဲ နောက်ဆုံးထား တက်ရောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ မနှစ်ကဆိုရင် ပွဲတက်ရောက်လာတဲ့ အနုပညာရှင်တို့ရဲ့ ပွဲတက်ဖက်ရှင် အတော်များများကို အမှတ်ပေးအကဲဖြတ်ဘုတ်အဖွဲ့က နှစ်သက်ပြီး ဆုပေးချင်ပေမဲ့ အမှတ်ပေးလို့ရတဲ့အချိန်ကျော်လွန်သွားတာကြောင့် ဘယ်လိုမှ မတတ်နိုင်ဘူးဖြစ်ခဲ့ရတယ်။ ဒါကြောင့် အခုလာမယ့် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲကို အချိန်စောစွာ တက်ရောက်ပေးဖို့အနုပညာရှင်တွေအားလုံးကို တောင်းဆိုချင်ပါတယ်” လို့ Myanmar Academy Fashion Award ဆုပေးရေး အကဲဖြတ် ကိုဂျွန်လွင်(Star & Model International) က MT Entertainment ကို ပြောပါတယ်။
အဆိုပါ ဆုတွေအတွက် အကဲဖြတ်ဒိုင်အနေနဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီ ဆွေဇင်ထိုက်၊ ကိုဂျွန်လွင်(Star & Model International)၊ ဒီဇိုင်နာပြည်စိုးအောင်၊ မိတ်ကပ်ခင်စန်းဝင်းနဲ့ ဓာတ်ပုံကိုနိုင်(R2) တို့က တာဝန်ယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။
Myanmar Academy Fashion Award မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေကတော့ အကောင်းဆုံးအမျိုးသား ဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံးအမျိုးသမီးဝတ်စားဆင်ယင်မှုအကြီးတန်းဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသားဆု၊ အကောင်းဆုံး ဝတ်စားဆင်ယင်မှုအမျိုးသမီးဆု စတဲ့ ဆု ၄ ဆုကို ပေးအပ်သွားမှာဖြစ်ပါတယ်။
မြန်မာ့အကယ်ဒမီဖက်ရှင်ဆုကို ဒီဇိုင်နာတွေအနေနဲ့ လူတကာငေးမောကြည့်ရှုနိုင်မှု၊ မြင်သူတိုင်းနှစ်သက်စရာကောင်းတဲ့အဆင်ဒီဇိုင်းဆန်းသစ်ပြီး ကာလာ လိုက်ဖက်မှုရှိနေတဲ့ ဝတ်စုံဝတ်ဆင်လာရမယ်လို့ သိရပါတယ်။ ဒါ့အပြင် သတ်မှတ်ချက်အနေနဲ့ ဆန်းသစ်တီထွင်ထားတဲ့ မြန်မာဝတ်စုံဖြစ်ဖို့ မြန်မာ့ယဉ်ကျေးမှုစံချိန်နဲ့အညီ ချုပ်လုပ်ထားသော ဝတ်စုံဖြစ်ဖို့ အထူးသတိပြုဖို့ ခန္ဓာကိုယ်အသားပေးချုပ်လုပ်ထားတဲ့ ဝတ်စုံမျိုး လုံးဝမဖြစ်ရပါဘူး။
မြန်မာ့အကယ်ဒမီဖက်ရှင်ဆုတွေအတွက် Like နဲ့ Love တွေရဲ့ React ပေးသူတွေကို Count လုပ်သွားမှာဖြစ်ပြီး Angry နဲ့ Sad တွေ React ပေးသူများကို Uncount လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
Myanmar Academy Fashion Award ဆုရရှိတဲ့သူများကိုတော့ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၉ ရက်နေ့ ည ၇ နာရီတိတိမှာ အကဲဖြတ်ဒိုင်လူကြီးတွေက အကုန်လုံးအမှတ်ပေါင်းပြီး ဆုပေးမှာဖြစ်ပါတယ်။
မှတ်ချက်အနေနဲ့ Fashion Award ဆုအနေနဲ့ အငြင်းပွားမှုတစ်စုံတစ်ရာရှိပါက တာဝန်ရှိသူတွေရဲ့ ဆုံးဖြတ်ချက်အတည်ဖြစ်တယ်လို့ သိရပါတယ်။