◾ ဒေါ်အောင်ဆန်းစုကြည်နှင့်ပုံ Cover တင်ထားပြီး “ဂုဏ်သိက္ခာကို မည်သည့်အရာနှင့်မျှ မလဲနိုင်ပါ”ဟု Bio ရေးသားထားသော်လည်း အချုပ်သူကို အခါများစွာ မုဒိမ်းကျင့်ခဲ့သည့် NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင် မြင့်ဇော်ဦး (ခ) မဲခေါင်ကို ပြည်သူများ ဝိုင်းဆဲ

၃၁. ၁. ၂၀၂၅
Written by Nay Moe
NLD ပါတီ၏ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တိုင်းဒေသကြီးအမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် အမတ်ဖြစ်ခဲ့သူဖြစ်ပြီး လက်ရှိတွင် NUG လက်အောက်ခံ ကန့်ဘလူပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ ခေါင်းဆောင်မြင့်ဇော်ဦး (ခ) မဲခေါင်တို့ PDF အုပ်စုက ဖမ်းဆီးထားသည့် ဆယ်တန်းကျောင်းသူ၊ Non CDM ကျန်းမာရေးဝန်ထမ်းနှင့် အခြားအချုပ်သူအမျိုးသမီးနှစ်ဦးကို မုဒိမ်းကျင့်ခဲ့ကြမှုကို ဖော်ထုတ်အရေးယူပေးရန် အမျိုးသမီးအဖွဲ့များက NUG ထံ ယနေ့ တောင်းဆိုလိုက်သည်။
တောင်းဆိုသည့်အဖွဲ့များမှာ ပြည်သူ့စစ်သားဇနီးများ၊ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)၊ Gender Equality Network – GEN ၊ Politic for Women Myanmar ၊ Sisters to Sisters ၊ Women Alliance Burma – WAB ၊ Women Peace Network – WPN နှင့် Women Advocacy Coalition – Myanmar – WAC အဖွဲ့တို့ဖြစ်သည်။

အဆိုပါ အမျိုးသမီးအဖွဲ့များက NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင် မြင့်ဇော်ဦး (ခ) မဲခေါင်တို့ မုဒိမ်းမှုမှာ NUG အတွက် အကျဥ်းတန်ကြောင်း၊ NUG က မုဒိမ်းမှုကျူးလွန်သူတရားခံများကို ပြစ်ဒဏ်မှကင်းလွတ်ခွင့်ပေးနေခြင်းဖြစ်၍ ပြင်းထန်စွာ ရှုတ်ချကြောင်း၊ အမှုဖြစ်စဥ်များကို NUG က ပွင့်လင်းမြင်သာစွာဖြင့် တာဝန်ခံဖြေရှင်းပေးရန်လိုကြောင်းနှင့် မုဒိမ်းတရားခံများကို ထိရောက်စွာအရေးယူပေးရန်လိုအပ်ကြောင်း တောင်းဆိုထားသည်။
NLD၊ NUG နှင့် PDF တို့ကို ထောက်ခံသည့် Exile မီဒီယာများ၏ ရေးသားမှုအရ NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦး (ခ) မဲခေါင်က ၂၀၂၃ ခုနှစ် နှစ်လယ်ပိုင်းအတွင်း သောက်စားမူးရူးပြီးချိန်များတွင် Non – CDM ကျန်းမာရေးဝန်ထမ်းဖြစ်သဖြင့် ဖမ်းဆီးခံထားရသူ အမည်လွှဲ မဝင်းဝင်းအမည်ရှိ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးကို ၃ ကြိမ်အထက် အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့ပြီး ကန့်ဘလူ အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန်က တစ်လင်တစ်မယားဥပဒေဖြင့် အချုပ်ကျနေသူ မဝေဝေ (အမည်လွှဲ) ဆိုသည့် အမျိုးသမီးကို မုဒိမ်းကျင့်ကာ ၂၀၂၃ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ပဇီကြီး လေကြောင်းတိုက်ခိုက်မှုဖြစ်ရပ်နှင့်ပတ်သက်ပြီး မသင်္ကာမှုနှင့် ဖမ်းဆီးခံရသည့် ၁၀ တန်းကျောင်းသူ မရတနာ (အမည်လွှဲ) ကိုလည်း ပလဖအဖွဲ့ဝင် အာကာ ဆိုသူက အတင်းအဓမ္မ ကာမရယူ မုဒိမ်းကျင့်မှုများ ဖြစ်ပွားခဲ့သည်။ ထို့အပြင် အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန် နေရာ အစားဝင်ရောက်သည့် စခန်းမှူး အောင်ဇေယျကလည်း တစ်လင်တစ်မယားဥပဒေဖြင့် ဖမ်းဆီးခံရသူ မချိုချိုဆိုသည့် အမျိုးသမီးကို သူမခင်ပွန်းရှေ့တွင်ပင် မချိုချို၏ မိန်းမကိုယ်နှင့် ရင်သားကို ကိုင်တွယ်ခဲ့သလို အောင်ဇေယျက သူ၏ လိင်အင်္ဂါကိုလည်း ကိုင်ခိုင်းခဲ့ကြောင်း၊ ထို့အပြင် နောက်တစ်ကြိမ်တွင်လည်း မေးစရာရှိလို့ဆိုကာ အခန်းထဲခေါ် မုဒိမ်းကျင့်ခဲ့သလို “လည်လှီးလိုက်မယ်၊ ပစ်သတ်လိုက်မယ်” ဆိုကာ ခြိမ်းခြောက်မှုများလည်း ပြုလုပ်ကြောင်း HI သတင်းဌာနနှင့် ဧရာဝတီသတင်းဌာနက ဖော်ပြသည်။
သို့သော် ခေတ်သစ်သတင်းဌာနကမူ NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦးက CDM မလုပ်သော ဆယ်တန်းကျောင်းသူကို အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့သူဟု ဖော်ပြထားသည်။


မုဒိမ်းကောင်များဖြစ်သော NLD အမတ်ဖြစ်ခဲ့သူ မြင့်ဇော်ဦး (ခ) မဲခေါင်သည် NLD အမတ်ဖြစ်ခဲ့သူ NUG ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ်တို့ အုပ်စုနှင့် ရင်းနှီးခြင်း၊ အမတ်ဖြစ်ခဲ့သောကြောင့် ဩဇာကြီး၍ အကြိမ်ကြိမ်တိုင်ကြားသော်လည်း အရေးမယူကြောင်း၊ အမှတ် (၁) ပလဖစခန်း၏ စခန်းမှူး ရဲရင့် (ခ) လင်းယုန်က မဝေဝေ ကို မုဒိမ်းကျင့်မှု ဖော်ထုတ်ရန်ကြိုးပမ်းသူ ပလဖစခန်း၏ ဒုရဲအုပ် ရှိုင်းဇာနည်ဆိုသည့် အမျိုးသမီးကိုလည်း ဖိအားပေးခြိမ်းခြောက်မှု လုပ်ခဲ့ကြောင်း၊ အောင်ဇေယျမှာလည်း မြင့်ဇော်ဦး (ခ) မဲခေါင်၊ ရဲရင့် (ခ) လင်းယုန်တို့နှင့် ပုံမှန်ထက်ရင်းနှီးသော ဆက်ဆံရေးရှိသူဖြစ်ကြောင်း၊ အဆိုပါ မုဒိမ်းမှုဖြစ်စဉ်များအပေါ် NUG ၏ ဝန်ကြီးများက တစ်နှစ်ကျော်ကြာသည့်တိုင် အရေးတယူမရှိဘဲ ဖုံးကွယ်ထားကြောင်းလည်း Exile မီဒီယာများက ဖော်ပြကြသည်။
NUG က PDF များ၏ လူသတ်၊ မုဒိမ်းမှုများကို ယခင်ကလည်း မသိကျိုးကျွံပြု အရေးမယူခဲ့သည့်ဖြစ်စဉ်အများအပြားဖြစ်ပွားခဲ့ပြီး နာမည်ကျော်သည့် မုဒိမ်းမှုများမှာ ၂၀၂၂ ခုနှစ် ဩဂုတ် ၂၉ ရက်နေ့က စစ်ကိုင်းတိုင်း၊ ချောင်းဦးမြိုနယ်ကျေးရွာတစ်ခုမှ NUG ဩဇာခံ ပကဖအဖွဲ့ဝင် ၄ ဦးသည် အသက်မပြည့်သေးသည့် ကလေးငယ်အပါအဝင် အမျိုးသမီး စုစုပေါင်း ၇ ဦးကို အကြောင်းပြချက်မခိုင်လုံဘဲ ဖမ်းဆီးပြီး မုဒိမ်းကျင့် သတ်ဖြတ်လိုက်မှု၊ ၂၀၂၃ ဧပြီလအတွင်း ရန်ကုန်မြို့မှ ဆောမြို့နယ်သို့ လာအလုပ်လုပ်သည့် အသက် ၂၂ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို ဆောပလဖအဖွဲ့ဝင် PDF ၈ ဦးက အကြိမ်ကြိမ်မုဒိမ်းကျင့်ခဲ့မှုနှင့် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရန်ကုန်တက္ကသိုလ်၊ ရေနှင့်ပတ်ဝန်းကျင်ပညာဌာနက ဒေါက်တာဘွဲ့ရ တွဲဘက်ပါမောက္ခအဖြစ်မှ NUG ကို ယုံကြည်သဖြင့် CDM လုပ်ကာ ထိုင်းနိုင်ငံသို့ ထွက်ပြေးသည့် အမျိုးသမီး၏ ငါးနှစ်အရွယ်သမီးငယ်ကို အိမ်နီးချင်းအဖြစ် နေထိုင်သည့် NLD ပါတီ၏ တွံတေး NLD ပါတီအတွင်းရေးမှူး အောင်မင်းက သက်ငယ်မုဒိမ်းပြုကျင့်မှုခဲ့မှုများမှာ အထင်ကရဖြစ်ခဲ့ပြီး ထိုဖြစ်စဥ်သုံးခုမှ သက်ငယ်မုဒိမ်းနှင့် မုဒိမ်းတရားခံများကို ဖမ်းဆီးပြီးမှ ထွက်ပြေးလွတ်မြောက်သွားသည့်ခေါင်းစဥ်အောက်တွင် ပြန်လွှတ်ပေးသဖြင့် အဆိုပါ တရားခံများအားလုံးမှာလည်း လွတ်မြောက်နေသည်ဟု သိရသည်။


NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင်မြင့်ဇော်ဦးတို့ PDF အုပ်စု၏ မုဒိမ်းမှုများနှင့် ပတ်သက်ပြီး ၎င်း၏ ဒေါ်အောင်ဆန်းစုကြည်နှင့်ပုံ Cover တင်ထားကာ “ဂုဏ်သိက္ခာကို မည်သည့်အရာနှင့်မျှ မလဲနိုင်ပါ”ဟု Myint Zaw Oo Facebook အကောင့်တွင် Bio ရေးသားထားသည့်အကောင့်ကို ပြည်သူများစွာက “CDM မလုပ်သဖြင့် ဖမ်းဆီးထားသည့် ကျောင်းသူကို အခါများစွာ မုဒိမ်းကျင့်ခဲ့မှု”ဖြင့် NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင် မြင့်ဇော်ဦး (ခ) မဲခေါင်ကို ဝိုင်းဆဲနေကြသည်။
ထိုသို့ ဆဲဆိုသူများအနက် Ko Khant အကောင့်ပိုင်ရှင်က မြင့်ဇော်ဦး ကို “non cdm ကျောင်းသား ကျောင်းသူကို ငါတို့အစိုးရ NUG က ဖမ်းဖို့ဝရမ်းထုတ်ထားလို့ ဖမ်းတာလား ဒါဆိုရင် အထက်ကချပေးတဲ့ ဖမ်းဝရမ်းကို အရင်ချပြပါ မပြနိုင်ရင် အာဏာအလွဲသုံးစားလုပ်တာမို့ ဒါနဲ့တင်မင်းကိုဖမ်းလို့ရပြီ (cdmဝင်တဲ့ကျောင်းသူကျောင်းသားတွေက်ို ကြိုဆိုရသလို non cdm ကျောင်းသူကျောင်းသားတွေကိုလဲ လွပ်လပ်စွာပညာသင်ခွင့်ရှိတယ်) ပြောချင်တာက မုဒိမ်းမှုမကျူးလွန်တာကျူးလွန်တာ အသာထား non cdmကျောင်းသူကို ဖမ်းစရာအကြောင်းမရှိဘူး စခွက်ကလဲ တော်လှန်ရေး အရည်ခြုံ မဒိမ်းကောင်ရုပ်
သိချင်တာကတော့ ငါတို့အစိုးရ ပြည်ထဲရေးဝန်ကြီး လွင်ကိုလတ် ဘယ်လိုအရေးယူမလဲ ကြည့်မယ် အရေးမယူနိုင်ရင် လွင်ကိုလတ် ရာထူးကထွက်ပါ ကိုဓဥပဒေနဲ့ပဲရှင်းမယ်(သတ်ပုံ မူရင်း)”ဟု ရေးသားထားသလို Zar Ni Ma အကောင့်ပိုင်ရှင်ကလည်း “ဝတ်ထားတဲ့ပင်နီနဲ့ ကာဗာက အမေစု ပုံ ကို $ ရှက်ရှိရင်ဖြုတ်ချစမ်းပါ။ ဒီလိုကောင်ကြောင့် သိက္ခာညှိုးနွမ်းတယ်။ Non CDM ဖြစ်တိုင်း ဒီလိုလုပ်ခွင့်မရှိဘူး။ အချိန်တန်ရင် ငါတို့အစိုးရက သူ့တရားဥပဒေအတိုင်း စီရင်ဆုံးဖြတ်လိမ့်မယ်။ ခုဟာက ခဝေး တွေနဲ့ ဘာထူးမှာ နင့် အမ နှမ သမီးသာဆိုရင်ရော ဒီလိုလုပ်မလား သိချင်မိတယ် တော်လှန်ရေး ရဲ့ နာမည် ဂုဏ််သိက္ခာပါကျဆင်းတယ်တာဝန်ရှိသူတွေအနေနဲ့လဲ ပြင်းထန်စွာ အပစ်ပေးဖို့
တောင်းဆိုချင်ပါတယ်(သတ်ပုံ မူရင်း)” ဟု ရေးသားထားသည့်အပြင် Ye Min Maung အကောင့်ပိုင်ရှင်ကလည်း မြင့်ဇော်ဦး၏ သမီးနှင့် သားပုံဖြင့် “မင်းသားသမီး မျက်နှာကိုမှမထောက်ကွာ အတစ (သတ်ပုံ မူရင်း)” ဟု ရေးသားထားသည်။
ပုံစာ။ NLD အမတ်ဖြစ်ခဲ့သူ ကန့်ဘလူပအဖခေါင်းဆောင် မြင့်ဇော်ဦး (ခ) မဲခေါင်တို့ PDF အုပ်စု၏ ကျောင်းသူကို မုဒိမ်းကျင့်မှုအပေါ် ထုတ်ပြန်၊ ရေးသားမှုနှင့်ပြည်သူများ၏ ဆဲဆိုမှုများ တွေ့ရစဥ်။
