၃၁.၁ ၂၀၂၅
Written by Shwe Phyo
ထိုင်းပြည်ထဲရေးဝန်ကြီး အန်ယူတင် ချန်ဗီရာကူလ်က ထိုင်းဝန်ကြီးချုပ် ပေထုံတန်ရှင်နာဝါထရာသည် မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အား ရောင်းချခြင်းများကို ရပ်တန့်ရန် အပြီးသတ်ဆုံးဖြတ်ခြင်းမျိုး မရှိသေးကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။
ထိုင်းနိုင်ငံမှ ပို့လွှတ်နေသော လျှပ်စစ်ဓာတ်အားသည် နယ်စပ်ဒေသရှိ လူကုန်ကူးဂိုဏ်းများကို အကျိုးဖြစ်ထွန်းနေသည်ဟု စွပ်စွဲမှုများရှိနေသလို စိုးရိမ်မှုများမြင့်တက်နေကြောင်း ပြီးခဲ့သောရက်ပိုင်းတွင် သတင်းများထွက်ပါ်ခဲ့သည်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝါထရာက မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားထောက်ပံ့ခြင်းများကို ရပ်တန့်ရန် ထိုင်းအာဏာပိုင်များကို မကြာသေးမီက တိုက်တွန်းတောင်းဆိုခဲ့ကြောင်း သိရသည်။
ထိုင်းအာဏာရပါတီဖြစ်သော ဖြူထိုင်းပါတီ၏ မဲဆွယ်စည်းရုံးရေးကာလအတွင်း ထိုင်းဝန်ကြီးချုပ်အဖြစ် တာဝန်ယူနေသော ပေထုံတန်ရှင်နာဝါထရာက ထိုင်းနိုင်ငံဘက်ခြမ်းမှ ပို့လွှတ်သောလျှပ်စစ်ဓာတ်အားများကို မြန်မာနိုင်ငံဘက်ခြမ်းရှိ အွန်လိုင်းအသုံးပြုကာလိမ်လည်နေသော ဂိုဏ်းများ အသုံးပြုနေကြောင်း ပြောဆိုခဲ့ဖူးသည်။
ထိုင်းလျှပ်စစ်ဓာတ်အား အာဏာပိုင်အဖွဲ့ (PEA)သည် ထိုင်းအစိုးရ၏ ညွှန်ကြားမှုဖြင့် မြန်မာနိုင်ငံဘက်ခြမ်းသို့ လျှပ်စစ် ဓာတ်အားရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ထိုင်းပြည်ထဲရေးဝန်ကြီးအား မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားရောင်းချခြင်းကို ရပ်ဆိုင်းဖြတ်တောက်ရန် တောင်းဆိုခဲ့ကြောင်းသိရသည်။ ထိုင်းပြည်ထဲရေးဝန်ကြီးက အစိုးရအဖွဲ့ သို့မဟုတ် ထိုင်းဝန်ကြီးချုပ် ညွှန်ကြားချက်ရမှသာ မြန်မာနိုင်ငံသို့ လျှပ်စစ်ဓာတ်အားရောင်းချခြင်းကို ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ လျှပ်စစ်ဓာတ်အားပေးပို့ခြင်းကို ဖြတ်တောက်လိုက်မည်ဆိုလျှင် အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသော ဂိုဏ်းများသာမက မြန်မာနိုင်ငံသားများကို ထိခိုက်မှုဖြစ်နိုင်သလို မြန်မာနိုင်ငံနှင့်ချုပ်ဆိုသော စာချုပ်ကိုချိုးဖောက်ရာရောက်ရှိနိုင်ကြောင်း ပြောသည်။
မြန်မာနယ်စပ်ဒေသသို့ လျှပ်စစ်ဓာတ်အားဆက်လက်ပေးပို့ခြင်းနှင့်ပတ်သက်ပြီး ထိုင်းအစိုးရအဖွဲ့သည် လက်ရှိအချိန်တွင် ဖိအားများနှင့်ရင်ဆိုင်နေရကြောင်း သိရသည်။ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်သူ Rangsiman Rome က (PEA) သည် မြန်မာနိုင်ငံရှိ မြို့များကို လျှပ်စစ်ဓာတ်အားထောက်ပံ့ပေးနေခြင်းကို ဘာကြောင့် မဖြတ်တောက်သေးသလဲဆိုသောမေးခွန်းကို မေးမြန်းခဲ့ပြီး တရုတ်စီးပွားရေး လုပ်ငန်းရှင်များ စီမံခန့်ခွဲနေသော အွန်လိုင်းမှတစ်ဆင့် လိမ်လည်နေသည့် ဂိုဏ်းများ အကျိုးဖြစ်စေရန် လုပ်ဆောင်နေသလားဆိုပြီး မေးခွန်းထုတ်ခဲ့ကြောင်း သိရသည်။
PEA အဖွဲ့က နိုင်ငံလုံခြုံရေးကို သက်ရောက်မှုများရှိလာမည်ဆိုလျှင် မြန်မာနိုင်ငံသို့ ပေးပို့ထောက်ပံ့ထားသော လျှပ်စစ် ဓာတ်အားများကို ဖြတ်တောက်မည်ဟု ပြီးခဲ့သောရက်ပိုင်းတွင် သတင်းထုတ်ပြန်ထားသည်။
ထိုင်းနိုင်ငံအနေဖြင့် မြဝတီဘက်မှ ကျားဖြန့်လုပ်ငန်းများထံ ရောင်းချသော လျှပ်စစ်ဓာတ်အားခနှုန်းထားကို အခြားနိုင်ငံများသို့ ရောင်းချသောနှုန်းထက် အဆမတန်အမြတ်တင်ထားပြီး ၂၀၂၃ မေလ တစ်လတည်းတွင်ပင် KNU ဥက္ကဋ္ဌ ပဒိုကွယ်ထူးဝင်းလက်မှတ်ရေးထိုးလုပ်ဆောင်ခဲ့သည့် ကျားဖြန့်နှင့်နာမည်ပျက် KK Park မှ ထိုင်းဘတ် သန်း ၃၀ ရရှိခဲ့သလို ထိုကျားဖြန့်များထံ ရောင်းချမှုများမှ ဘတ်သန်းရာချီ အကျိုးအမြတ်ရရှိနေသည်ဟု ထိုင်းသတင်းများတွင်လည်း ဝေဖန်ဖော်ပြနေကြသည်။
Ref, thailandnews
