၃၁.၁.၂၀၂၅.
Translated by Htwe Ko Tun
ဂျပန်နိုင်ငံ၏မြို့တော် တိုကျိုအနီး ယာရှီအိုမြို့၊ ဆေးတားမားစီရင်စုတွင် လမ်းပြိုကျမှုကြောင့် မောင်းနှင်လာသော ထရပ်ကားနှင့်အတူ ခြောက်မီတာ(၁၈ ပေ) ခန့်နက်သော တွင်းအတွင်းသို့ ဇန်နဝါရီလ ၂၈ ရက် နံနက်ကကျရောက်နေသော အသက် ၇၀ နှစ်ရှိ ထရပ်ကားယာဉ်မောင်းဖြစ်သူအား ပြန်လည်ရှာဖွေကယ်ဆယ်နိုင်ရေးကြိုးပမ်းမှုမှာ ဇန်နဝါရီလ ၃၁ ရက်တွင် စတုတ္ထမြောက်နေ့သို့ ရောက်ရှိလာပြီဖြစ်သည်။
ကယ်ဆယ်ရေးအဖွဲ့၏ဆောင်ရွက်မှုများက မြေပြင်အနေအထားတည်ငြိမ်မှုမရှိဘဲ ဆိုးရွားလာမှုနှင့် ထိခိုက်ပျက်စီးမှုများ ကျယ်ပြန့်လာမှုတို့ကြောင့် ထိရောက်စွာ ဆောင်ရွက်နိုင်ခြင်းမရှိဘဲ စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း၊ လမ်းအောက်တွင်လည်း အခေါင်းပေါက်များ ရှိနေကြောင်း သိရသည်။

မူလက ခြောက်မီတာခန့် နက်ပြီး ၁၀ မီတာခန့်ကျယ်သည်ဟုသိရသော တွင်းကြီးမှာ အနီးအနားမှ မြေများလည်းပြိုကျ ပျက်စီးမူကြောင့် စတုတ္ထမြောက်နေ့တွင် နှစ်ဆခန့် ကြီးမားကျယ်ပြန့်လာရကြောင်းလည်း သိရသည်။
ထရပ်ကားယာဉ်မောင်းမှာ ဇန်နဝါရီလ ၂၈ ရက် နံနက်က လမ်းပြိုကျသော တွင်းနက်ကြီးအတွင်း ကျရောက်လှောင်ပိတ်မိနေခဲ့ပြီးနောက် မွန်းလွဲပိုင်းတွင် ကယ်ဆယ်ရေးသမားများနှင့် အဆက်အသွယ်ရနေခဲ့သေးသည်။ သို့သော် အောက်ခံမြေကြီးနှင့် အပျက်အစီးများအတွင်း ထရပ်ကားက ထပ်မံတိုးဝင် နစ်မြုပ်ပြီးနောက် အဆက်အသွယ်ပြတ်သွားခဲ့ခြင်းလည်းဖြစ်သည်။
ရုပ်မြင်သံကြားမှတ်တမ်းတွင် ကတ္တရာလမ်းမှာ ဆက်လက်ပျက်စီးပြိုကျနေကာ ကြော်ငြာဆိုင်းဘုတ်ကြီးများဆိုလျှင် ကျယ်ပြန့်လာနေသော တွင်းအတွင်းသို့ ဆွဲယူကျရောက်ခံနေရသည်ကို တွေ့ကြရသည်။
အာဏာပိုင်များက ဝန်ချီစက်များကို အသုံးပြုကာ ထရပ်ကားကို မတင်နိုင်ရန် ကြိုးစားခဲ့ကြသည်။ သို့ရာာတွင် သယ်ဆောင်ထားသောပလက်ဖောင်းကိုသာ ပြန်လည်ရရှိခဲ့ပြီး ယာဉ်မောင်းရှိနေသည်ဟု ယုံကြည်ရသော ကားရှေ့ခန်းမှာ မြေအောက်တွင်းထဲတွင်ပင်ရှိနေခဲ့သည်။ အနည်အနှစ်များကို ဖယ်ရှား၍ ထရပ်ကားဆီသို့ရောက်အောင် တူးဖော်မှုမှာလည်း မအောင် မြင်သေးပေ။ ကယ်ဆယ်ရေးသမားများက တွင်းအတွင်းသို့ လုံခြုံစိတ်ချစွာဆင်းနိုင်ခြေ ရှိမရှိ သုံးသပ်ရန် မောင်းသူမဲ့ လေယာဉ်တစ်စီးကို ကောင်းကင်ယံတွင် လွှတ်တင်ထားသော်လည်း တိုးတက်မှုမရှိသေးဟု သိရသည်။။
တာဝန်ရှိသူများက အဆိုပါလမ်းပြိုကျမှုမှာ လမ်းအောက်ရှိ အညစ်အကြေးစွန့် ပိုက်များအတွင်း အားကောင်းသော အက်ဆစ်ဖြစ်ပေါ်လာမှုကြောင့်ဟု ယုံကြည်သည်။ ၎င်းက လမ်း၏အောက်တွင် ဟင်းလင်းပြင် ဗလာပေါက် အနေအထားကို ဖြစ်စေခဲ့ခြင်းဖြစ်သည်။ မကြာမီက စစ်ဆေးမှုများအတွင်း၌မူ နှစ် ၄၀ ခန့် သက်တမ်းရှိပြီဖြစ်သော အညစ်အကြေးစွန့်ပိုက်တွင် ပြဿနာတစ်စုံတစ်ရာမတွေ့ခဲ့ဟု ဆေးတားမားစီရင်စု တာဝန်ရှိသူတစ်ဦးကပြောခဲ့သည်။
နောက်ဆက်တွဲအရှုပ်အထွေး ပြဿနာများမဖြစ်စေရန်အတွက် လူဦးရေ ၁ ဒသမ ၂ သန်းနေထိုင သော အဆိုပါနယ်မြေအတွင်း ရေပန်းရေချိုးခြင်းနှင့် အဝတ်လျှော်ခြင်းတို့တွင် ရေအများအပြားအသုံးပြုမှုကို လျှော့ချကြရန် တာဝန်ရှိသူများက နှိုးဆော်ထားသည်။
Ref- Dimsum Daily
