
၂၈. ၁. ၂၀၂၅
Written by Thettant
မြန်မာစာပေလောကနှင့် ပညာရေးကဏ္ဍတွင် ပညာရှင်တစ်ဦးဖြစ်သူ အငြိမ်းစားမြန်မာစာပါမောက္ခ မောင်ခင်မင်(ဓနုဖြူ)သည် ဇန်နဝါရီ ၂၈ ရက်ကူးစ ညသန်းခေါင်အချိန်တွင် ရုတ်တရက်ကွယ်လွန်သွားသည်ဟု သိရသည်။
“ည ၁၂:၃၀မှာ ဖေဖေဦးခင်အေး (မောင်ခင်မင် ဓနုဖြူ) ရုတ်တရက် ကွယ်လွန်သွားပါပြီ။(သတ်ပုံမူရင်း)” ဟု သမီးဖြစ်သူ မသူသူနွယ်အေးက လူမှုကွန်ရက်စာမျက်နှာတွင်အသိပေးထားသည်။

သံဃာတော်များကို ဓမ္မဒါနအဖြစ် အနှစ် ၂၀ ကျော် စာပေပညာသင်ကြားပေးခဲ့သူလည်းဖြစ်သည့်
အငြိမ်းစား မြန်မာစာပါမောက္ခ မောင်ခင်မင်(ဓနုဖြူ)၏ အမည်ရင်းမှာ ဦးခင်အေးဖြစ်ပြီး ကွယ်လွန်သွားချိန်တွင် အသက် ၈၅ နှစ်ရှိနေပြီဖြစ်သည်။
ဆရာကြီးကွယ်လွန်မှုအပေါ် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်) ကလည်း သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့ပြီးနိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်(ရန်ကုန်)၊ ပိဋကတ်ဆိုင်ရာမြန်မာစာပေဌာန၊ ပါမောက္ခ(ပြင်ပပညာရှင်) မြန်မာစာပညာရှင် ဆရာကြီး ဒေါက်တာခင်အေး(မောင်ခင်မင်-ဓနုဖြူ)သည် ၁၃၈၆ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက်၊(၂၈-၁-၂၀၂၅၊ အင်္ဂါနေ့၊ နံနက်) တနင်္လာနေ့၊ ည ၁၂ နာရီ မိနစ် ၃၀ အချိန်တွင် နေအိမ်၌ ရုတ်တရက်ကွယ်လွန်သွားကြောင်း ကြားသိရပါသဖြင့် သာသနာ့တက္ကသိုလ်၊ မြန်မာစာပေနှင့် လူမျိုးတို့အတွက် ကြီးမားသော ဆုံးရှုံးမှုတစ်ရပ်ဖြစ်ကာ သံဝေဂတရားပွားများရပါကြောင်းနှင့် ဝမ်းနည်းကြောင်းသဝဏ်လွှာကို ကျန်ရစ်သူမိသားစုများထံ ပေးပို့အပ်ပါသည်။”ဟု ဖော်ပြပေးခဲ့သည်။

မောင်ခင်မင်(ဓနုဖြူ)ကို ဧရာဝတီတိုင်း၊ ဓနုဖြူမြို့နယ်၊ ကျုံတနီးရွာတွင် ၁၉၄၂ ခု၊ ဇန်နဝါရီလ ၂ ရက်တွင် မွေးဖွားခဲ့ပြီးနောက် ၁၉၅၉ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းဖြေဆိုရာ၌ တစ်နိုင်ငံလုံးတွင် မြန်မာစာအမှတ်အများဆုံးဖြင့် အောင်မြင်ခဲ့သည်။ ၁၉၆၃ ခုနှစ်တွင် ပုသိမ်ကောလိပ်၊ မြန်မာစာဌာနတွင် နည်းပြအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးနောက် လက်ထောက်ကထိက၊ ကထိက၊ တွဲဖက်ပါမောက္ခ၊ ပါမောက္ခအဆင့်များဖြင့် ပုသိမ် ကောလိပ်၊ ရန်ကုန် ဝိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်၊ ဒဂုံတက္ကသိုလ်၊ ပြည်ဒီဂရီကောလိပ်၊ ရန်ကုန်တက္ကသိုလ်တို့တွင် တာဝန်ထမ်းဆောင်ခဲ့သည်။
၁၉၉၇ – ၉၉ ကာလအတွင်း တွဲဖက်ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်စဉ် နိုင်ငံတော်အစိုးရပညာရေးဝန်ကြီးဌာန၏ တာဝန် ပေးချက်အရ ဂျပန်နိုင်ငံ အိုဆာကာနိုင်ငံခြားဘာသာသင်တက္ကသိုလ်တွင် မြန်မာစာဧည့်ပါမောက္ခအဖြစ် (၂)နှစ် တာဝန်ထမ်းဆောင်ခဲ့ကာ ၂၀၀၂ ခုနှစ်တွင် အငြိမ်းစားယူခဲ့ပြီး ရန်ကုန်တက္ကသိုလ်၏ ဂုဏ်ထူးဆောင် စာပေပါရဂူဘွဲ့ ချီးမြှင့်ခဲ့သည့်အပြင် ၂၀၁၃ ခုနှစ် အမျိုးသားစာပေတစ်သက်တာဆုရှင်လည်းဖြစ်သည့် ဆရာကြီးသည် မြန်မာစာပေလောကအတွက် တန်ဖိုးကြီးသော စာပေများစွာကို ရေးသားထုတ်ဝေခဲ့ပြီးမြန်မာဘာသာစကား ပညာရှင်များနှင့် ဘာသာစကားအမြင်၊ စကားပြေသဘောတရား၊ စကားပြေ အတတ်ပညာ၊ ပြည်သူ့အတွက် မြန်မာစကားပြေ၊ မြန်မာစကား၊ မြန်မာစာရုပ်ပုံလွှာ၊ မေတ္တာနှလုံးသားပုံရိပ်များ၊ စာပေသမုဒ္ဒရာ၌ လက်ပစ်ကူးခြင်း၊ စကားသမုဒ္ဒရာ၊ စာသမုဒ္ဒရာ၊ နှစ်လေးဆယ် ဘဝမှတ်တိုင်များ အစရှိသည့် စာအုပ်များကို ရေးသားခဲ့သလို စာပေဆုများစွာလည်း ရရှိခဲ့သည်။
ဆရာကြီးကွယ်လွန်ရမှုဖြစ်စဥ်နှင့် စျာပနာအစီအစဥ်ကို မိသားစုထံ ဆက်လက်စုံစမ်းမေးမြန်းနေပြီး အသေးစိတ်သိရသည်ကို ဆက်လက်ဖော်ပြပေးမည်ဖြစ်သည်။ (Photo – Credit & CJ)
