




၂၇. ၁. ၂၀၂၅
Written by Nay Moe
အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ တအာင်းလက်နက်ကိုင် TNLA နယ်မြေလုယက်သိမ်းယူထားတဲ့ ကျောက်မဲခရိုင်ရုံးနဲ့ ညစျေးတန်းကို ထပ်မံဗုံးကြဲချေမှုန်းလို့ တစ်ဦးသေပြီး သုံးဦး ဒဏ်ရာရမှု ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။
ရှမ်းပြည်နယ်၊ ကျောက်မဲမြို့က TNLA လက်နက်ကိုင်တွေ အခြေပြု ရုံးစိုက်ထားတဲ့ ခရိုင်ရုံးနဲ့ ညစျေးတန်းကို ဒီ နေ့လယ် ၂ နာရီ ၁၈ မိနစ် အချိန်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး လာရောက်ကြဲချ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ်ငါးလုံးပါ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၅ ရက်ကလည်း ကျောက်မဲ အခြေစိုက် TNLA တွေ လည်ပတ်နေတဲ့ ကျောက်မဲဆေးရုံလေကြောင်းဗုံးကြဲတိုက်ခိုက်ခံရမှုမှာ နိုင်ငံ့ဝန်ထမ်းအဖြစ်က သွေဖည်ဖောက်ဖျက်ထားတဲ့ CDM သူနာပြု နှစ်ဦးအပါအဝင် သုံးဦးသေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရခဲ့တယ်လို့လည်း TNLA က ထုတ်ပြန်ခဲ့ပါသေးတယ်။
TNLA၊ MNDAA နဲ့ AA တို့ဟာ ၁၀၂၇ စစ်ဆင်ရေးအမည်တပ်ပြီး မြို့သိမ်းပွဲတွေဆင်နွှဲတာကြောင့် လူထောင်ချီသေဆုံးခဲ့သလို နေအိမ်ရာချီ မီးလောင်ပျက်စီးတာ၊ နေအိမ်ထောင်ချီ ဖောက်ထွင်းလုယက်ကြတာကြောင့် ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂ ရက်မှာ သူတို့သုံးဖွဲ့စလုံးကို အကြမ်းဖက်သတ်မှတ်ပြီး တိုက်ခိုက်မှုစတင်တော့မှာဖြစ်လို့ ဒီလိုအကြမ်းဖက်အဖွဲ့တွေအနီး မနေဖို့ ပြည်သူလူထုကို သတိပေးခဲ့တာပါ။ အဲဒီလို စဥ်ဆက်မပြတ် သတိပေးပြီးချိန်ကစ သုံးဖွဲ့စလုံးကို အဆက်မပြတ်လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပေမဲ့ လက်ရှိမှာတော့ နိုင်ငံရေးညှိနှိုင်းမှု လုပ်ဆောင်မှုမရှိသလို တိုက်ခိုက်မှု ဆက်လုပ်နေတဲ့ AA နဲ့ TNLA သိမ်းယူထားရာမြို့တွေကို လေကြောင်းတိုက်ခိုက်မှုပြုနေတာလည်း ဖြစ်ပါတယ်။
