၁၃ . ၁ . ၂၀၂၃
Written By Thandar
မြန်မာသံစဥ်တေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုတတ်တဲ့ ရွှေတံဆိပ်ဆုရှင် မေသက်ထားဆွေကတော့ ရာသက်ပန် သီလရှင်ဝတ်မယ်ဆိုပြီး မဝတ်တဲ့အတွက် အပြောနဲ့အလုပ်မညီဘူးလို့ ဝေဖန်ကြတဲ့ပေါ် စိတ်မဆိုးပါဘူးလို့ ပြောပါတယ်။
“သီလရှင်ဝတ်တဲ့ ကာလက တကယ့်ကို တန်ဖိုးရှိတဲ့ ကာလလေးပါ။ ၇ လလုံး ကုသိုလ်တွေလည်း ရလိုက်ပါတယ်။ ရာသက်ပန် သီလရှင်ဝတ်မယ်ဆိုတဲ့ ဝေဖန်မူနဲ့ ပတ်သက်ပြီးအမှန်အတိုင်းပြောရင် ညီမရဲ့ အင်တာဗျူးကို သေသေချာချာ နားမထောင်မိလို့ ဖြစ်ပါလိမ့်မယ်။ ဒီမမြဲတဲ့လောကကြီးမှာ မြဲတယ်လို့ဆိုပြီး မပြောချင်ပါဘူး။ ပညာသားပါပါလေးနဲ့ တရားသဘောအရပြောပြတာပါ။ တချို့ သေချာနားမထောင်လိုက်ရသူလည်း ရှိမှာပေါ့။ ဦးဇင်းတစ်ပါးက ရာသက်ပန်ဝတ်မယ်လို့ တင်လိုက်တာပါ။ ဘာလို့တင်လဲဆိုရင် ညီမကို ဒီအဝတ်လေးနဲ့ပဲ မြင်ချင်လို့တဲ့။ အရှင်ဘုရား တပည့်တော်တော့ ဂယက်တွေ ထကုန်တာပေါ့။ ရာသက်ပန် သီလရှင်ဝတ်မယ်ဆိုပြီး အပြောနဲ့အလုပ်မညီဘူးလို့ ဝေဖန်ကြပေမယ့် သမီးအနေနဲ့ စိတ်မဆိုးပါဘူး။ တချို့ကလည်း လိုအပ်တာလေးတွေ ထောက်ပြပေးတာမို့ လက်ခံရမှာပေါ့”လို့ တေးသံရှင် မေသက်ထားဆွေက ပြောပါတယ်။
သူမကတော့ ၂၀၂၁ ခုနှစ် အသက် ၁၈ ပြည့်ပြီး ဧပြီလ သင်္ကြန်တွင်းကာလမှာ သီလရှင်ကို (၇)လတိတိ ဝတ်ခဲ့တာလည်း ဖြစ်ပါတယ်။ တကယ်လို့ အခါအခွင့်သင့်ရင် သီလရှင် ပြန်ဝတ်ချင်သေးပြီး ဝတ်နိုင်တဲ့အချိန်ကျရင်ပြန်သီလရှင်ဝတ်ဖို့ စဥ်းစားထားတယ်လို့ သိရပါတယ်။
မေသက်ထားဆွေက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်းမှာ ခေတ်ပေါ်မြူးဇစ်ပုံစံလေးနဲ့ “မချစ်လို့မှ မဟုတ်တာ”တေးသီချင်းသစ်ထွက်ရှိထားသူလည်းဖြစ်ပြီး ပရိသတ်အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ မကြာခင် အချိန်မှာလည်း Myanmar Idol Season 3 Winner ဆုရှင် ဖြိုးမြတ်အောင်နဲ့ သီချင်းသစ်တွေသီဆိုဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။




