၂၆. ၁၂. ၂၀၂၄
Written by Nyein Kyaw
ပြည်တွင်း၌ထုတ်လုပ်သော တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်၊ ကောက်ပဲသီးနှံများအပါအဝင် ကုန်ပစ္စည်းအုပ်စု ၈ မျိုးကို နိုင်ငံခြားကုမ္ပဏီများအား တင်ပို့ခွင့်ပြုမည်ဖြစ်ကြောင်း ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၁၇ ရက်နေ့ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၃/၂၀၂၄) ဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ အသိပေးထုတ်ပြန်ထားသည်။



ပြည်တွင်းအရည်အသွေးမြင့် ထုတ်ကုန်များကို ပြည်ပဈေးကွက်သို့ ချဲ့ထွင်တင်ပို့ခြင်းဖြင့် ထုတ်လုပ်နိုင်စွမ်းကို မြှင့်တင်ရန်၊ ပြည်ပဈေးကွက် ပိုမိုရရှိရန်နှင့် ထုတ်လုပ်သူများ၏ ရောင်းဈေးပိုမိုရရှိစေရန်အလို့ငှာ ပို့ကုန်သွင်းကုန် ဥပဒေပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်ကြောင်း သိရသည်။
အဆိုပါ ကုန်ပစ္စည်း ၈ မျိုးမှာ တစ်ဆင့်မြင့်ပြုပြင် ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့် ရေထွက်ကုန်များ၊ တစ်ဆင့်မြင့်ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ၊ ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုး၊ သန့်စင်ထားသည့် သတ္တုရိုင်းများ၊ သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများ၊ သစ်အခြေခံပရိဘောဂပစ္စည်းများ၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြုကုန်စည်များဖြစ်သည်။
ယင်းကုန်ပစ္စည်း ၈ မျိုးအား နိုင်ငံခြားသားကုမ္ပဏီများအနေဖြင့် မြန်မာနိုင်ငံအတွင်း ကိုယ်တိုင်ထုတ်လုပ်၍ဖြစ်စေ၊ ထုတ် လုပ်သူများထံမှတစ်ဆင့် ဝယ်ယူ၍ဖြစ်စေ ပြည်ပသို့ တင်ပို့ခွင့်ပြုမည်ဖြစ်ပြီး တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် အသား၊ ငါးနှင့်ရေထွက်ကုန်များအတွက် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ငါးလုပ်ငန်းဦးစီးဌာနတို့၏ ထောက်ခံချက်ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
တစ်ဆင့်မြင့် ပြုပြင်ထုတ်လုပ်ထားသည့် ကောက်ပဲသီးနှံများ တင်ပို့ရာတွင် ပဲမျိုးစုံ၊ ပြောင်း၊ နှမ်းတို့အတွက် အစား အသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ထောက်ခံချက် အပါအဝင် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်များနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
တစ်ဆင့်မြင့် ပြုလုပ်ထားသည့် ဆန်နှင့် ဆန်ကွဲ တင်ပို့ရာတွင် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက်ရယူရမည်ဖြစ်ပြီး ပြည်ပမှ ပြည်တွင်းဘဏ်တစ်ခုခုသို့ ကနဦးရင်းနှီးမြှုပ်နှံမှု ထည့်ဝင်ငွေ အနည်းဆုံးဒေါ်လာ ၃ သန်းလွှဲပြောင်းပြီးကြောင်း အထောက်အထား၊ လုံလောက်သော သိုလှောင်ရုံရှိကြောင်း အထောက်အထားနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ အသင်းဝင်ဖြစ်ကြောင်း အထောက်အထားများ လိုအပ်မည်ဖြစ်သည်။
ပျော့ဖတ်နှင့် စက္ကူအမျိုးမျိုးတို့အတွက် သက်ဆိုင်ရာဌာနများ၏ သတ်မှတ် လုပ်ထုံးလုပ်နည်းများနှင့်အညီ ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင် ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ မျိုးစေ့နှင့်စပ်လျဉ်း၍ မျိုးစေ့ဥပဒေ၊ စိုက်ပျိုးရေးဦးစီးဌာန၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
သန့်စင်ထားသည့် သတ္တုရိုင်းများအတွက် မြန်မာ့သတ္တုတွင်းဥပဒေအရ သက်ဆိုင်ရာဝန်ကြီးဌာန၏ ဓာတ်သတ္တုရောင်းချခြင်းနှင့် ဝယ်ယူခြင်းခွင့်ပြုမိန့်နှင့် သတ္တုတွင်းဦးစီးဌာန၏ ထောက်ခံချက်တို့ဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
သစ်သီးဝလံ၊ ပန်းမန်ကုန်ကြမ်းတို့မှ အဆင့်မြင့်ထုတ်လုပ်ထားသော တစ်ဝက်တစ်ပျက် ကုန်ချော သို့မဟုတ် ကုန်ချောပစ္စည်းများအတွက် အမျိုးသားအစားအသောက်ဥပဒေနှင့် သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။ သစ်အခြေခံပရိဘောဂပစ္စည်းများအတွက် မြန်မာ့သစ်လုပ်ငန်းနှင့် သစ်တောဦးစီးဌာနတို့၏ ထောက်ခံချက်များဖြင့် ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်များအတွက် စပါးခွံနှင့် လွှစာမှုန့် စသည့် ဘေးထွက်ပစ္စည်းများဖြင့် ပြုလုပ်ထားသည့် လောင်စာတောင့်များကဲ့သို့သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှု အထောက်အကူပြု ကုန်စည်များအတွက် သတ်မှတ်လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ပြီး ကုန်သွယ်ရေးဦးစီးဌာန၏ ပို့ကုန်လိုင်စင်ခွင့်ပြုချက် ရယူရမည်ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ (၆-၆-၂၀၁၉) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၂၄/၂ဝ၁၉ နှင့် (၂၀-၇-၂ဝ၂၃) ရက်စွဲပါအမိန့်ကြော်ငြာစာအမှတ် ၄၈/၂ဝ၂၃ တို့ကို ဤအမိန့်ကြော်ငြာစာဖြင့် လွှမ်းမိုးပယ်ဖျက်လိုက်ကြောင်း အသိပေးထားသည်။
