၁၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
နျူကလီယားစစ်လက်နက်တွေအသုံးပြုတယ်ဆိုပြီး ယူကရိန်းကအလိုရှိနေတဲ့ ရုရှားဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးဟာဒီဇင်ဘာလ ၁၇ ရက်က မော်စကိုမြို့မှာ အဝေးထိန်းဗုံးနဲ့ဖောက်ခွဲတိုက်ခိုက်ခံရလို့ သေဆုံးခဲ့ရတယ်လို့ ရုရှားအာဏာပိုင်တွေက ပြောခဲ့ပါတယ်။
ရုရှားနိုင်ငံရဲ့နျူကလီယား၊ ဇီဝဆိုင်ရာနဲ့ ဓာတုကာကွယ်ရေးတပ်ဖွဲ့တွေကိုကြီးကြပ်ရတဲ့ ဒုတိယဗိုလ်ချုပ်ကြီး အီဂေါ ကီရီလော့ဗ်ဟာ ကရင်မလင်နန်းတော်က အရှေ့တောင်ဘက် ခုနစ်ကီလိုမီတာ(လေးမိုင်) ခန့်အကွာ တိုက်ခန်းတွဲအဆောက်အအုံတစ်ခုအပြင်ဘက်မှာ လျှပ်စစ်မော်တော်ဆိုင်ကယ်တစ်ခုအတွင်း ထောင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းကို အဝေးထိန်းစနစ်နဲ့ခွဲပြီး လုပ်ကြံခံရကာ သေဆုံးခဲ့တယ်လို့ စုံစမ်းရေးကော်မတီက ပြောခဲ့ပါတယ်။
ပေါက်ကွဲမှုမှာ ကီရီလော့ဗ်ရဲ့ လက်ထောက်ဖြစ်သူလည်းသေဆုံးခဲ့ပြီး ဒါက အကြမ်းဖက်လုပ်ရပ်တစ်ခု ဖြစ်တယ်လို့ စုံစမ်းရေးကော်မတီက ထပ်မံပြောခဲ့ပါတယ်။ သေဆုံးရမှုတွေအတွက် ရာဇဝတ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်နေပြီး စုံထောက်တွေ၊ မှုခင်းဆေးပညာကျွမ်းကျင်သူတွေနဲ့ လုပ်ငန်း ဝန်ဆောင်မှုအဖွဲ့တွေပါ ဗုံးပေါက်ကွဲရာနေရာကို ရောက်ရှိစစ်ဆေးနေကြတယ်လို့ သိရပါတယ်။
စုံစမ်းထောက်လှမ်းရေးနဲ့ တခြားလုပ်ငန်းအားလုံးကို အမြန်ဆောင်ရွက်နေတယ်လို့လည်း စုံစမ်းရေးကော်မတီက ထပ်မံပြောခဲ့ပါတယ်။
ယူကရိန်းရှေ့နေတွေက ကီရီလော့ဗ်ကို ယူကရိန်းစစ်ပွဲမှာ ပိတ်ပင်ထားတဲ့ ဓာတုလက်နက်တွေအသုံးပြုတယ်ဆိုကာမျက်ကွယ်မှာ တရားစွဲခဲ့ကြပြီး နောက်တစ်ရက်မှာ အခုလို ကီရီလော့ဗ် လုပ်ကြံသတ်ဖြတ်ခံရတာပါပဲ။ ကီရီလော့ဗ်ကို ယူကရိန်းစစ်မှာ ဓာတုလက်နက်တွေသုံးဖို့ အမိန့်ပေးခဲ့တယ်ဆိုကာ ယူနိုက်တတ်ကင်းဒမ်းကလည်း ပိတ်ပင်ထားပါသေးတယ်။
Ref- CNN
