၁၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
မြန်မာ့ရေပြင်အတွင်းမှာ ဝင်ရောက်ငါးခိုးဖမ်းမှုနဲ့ နိုဝင်ဘာလကုန်ပိုင်းက မြန်မာရေတပ်ကဖမ်းဆီးသွားတဲ့ ထိုင်းငါးဖမ်းသမားလေးဦးကို မြန်မာအစိုးရက ဇန်နဝါရီလ ၄ ရက်မှာ ပြန်လွှတ်ပေးမယ်လို့ သိရတယ်လို့ ထိုင်းအစိုးရ ကာကွယ်ရေးဝန်ကြီး ဖွမ်သမ်ဝီချာရာချိုင်းက ဒီဇင်ဘာလ ၁၇ ရက်မှာ ပြောခဲ့ပါတယ်။
ကာကွယ်ရေးဝန်ကြီးဖွမ်သမ်က ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဟာ မြန်မာအစိုးရ၊ နိုင်ငံခြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုင်းငါးဖမ်းသမားလေးဦးကို မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ဖြစ်တဲ့ ဇန်နဝါရီလ ၄ ရက်မှာ ကော့သောင်းမြို့မှ ပြန်လွှတ်ပေးမယ်လို့လည်း သိရတယ်လို့ ပြောခဲ့ပါတယ်။
ထိုင်းငါးဖမ်းသမားတွေက မြန်မာရေပိုင်နက်ထဲ အမှန်တကယ်ကျူးကျော်ဝင်ရောက်ငါးဖမ်းခဲ့သလားလို့ မေးမြန်းရာမှာတော့ သူက ဒါကို အထောက်အထားအချက်အလက်တွေအရ စိစစ်သင့်တယ်လို့ ပြောခဲ့ပါတယ်။
ဖမ်းဆီးခံထားရတဲ့ ထိုင်းငါးဖမ်းသမားတွေကို ထိုင်းအာဏာပိုင်တွေက ကာကွယ်ပေးမှုနဲ့ပတ်သက်လို့ မေးမြန်းရာမှာလည်း ဒီကိစ္စက ထိခိုက်လွယ်တဲ့ကိစ္စဖြစ်ပြီး သူ့အနေနဲ့ငါးဖမ်းသမားတွေ လွတ်မြောက်ရေးကို ဦးစားပေးဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီးဖွမ်သမ်က ဖြေခဲ့ပါတယ်။
သူကဆက်လက်ပြီး “ဒါက နိုင်ငံအတွက် အများဆုံးအကျိုးရှိစေမှာပါ။ ဒီမေးခွန်းအတွက် နောက်ထပ်အဖြေတွေကသက်ရောက်မှု အကျိုးဆက်တွေရှိနိုင်တယ်။ ကိုယ့်နိုင်ငံအတွင်း နိုင်ငံရေးအရ ပြဿနာရှာ တိုက်ခိုက်လာမှာတွေ မလိုလားဘူး။ ထိုင်းပြည်သူတွေရဲ့ လုခြုံရေးကို အရင်ဆုံး ဂရုစိုက်ပါရစေလို့ပြောချင်ပါတယ်” လို့ ပြောခဲ့ပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရစ်ဆတန်ဂီယမ်ပွန်ဆာက ထိုင်းငါးဖမ်းသမားတွေကို မြန်မာ့ရေပြင်ထဲ ဝင်ရောက်ငါးခိုးဖမ်းတယ်လို့ စွပ်စွဲထားပြီး ပုံမှန်တရားစွဲဆိုမှုလုပ်ခဲ့တာပါလို့ပြောခဲ့ပါတယ်။ ထိုင်းငါးဖမ်းသမားတွေကို မြန်မာတရားရုံးက ထောင်ဒဏ် လေးနှစ်မှ ခြောက်နှစ်အထိ ချခဲ့တယ်ဆိုတဲ့ သတင်းအပေါ် လည်း မာရစ်က ထိုင်းတာဝန်ရှိသူတွေအနေနဲ့ ငါးဖမ်းသမားတွေအတွက် လွတ်ငြိမ်းချမ်းသာခွင့် တောင်းခံနိုင်ပါတယ်လို့ ပြောကြားခဲ့ပါတယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
Ref- Bangkok Post
