၁၇.၁၂.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ကွပ်ကဲရေးအဖွဲ့က နိုင်ငံအတွင်းသို့ ခရီးသွားလည်ပတ်မှု၊ စီးပွားရေးလုပ်ငန်း၊ အလည်ခရီးနဲ့ မိသားစုတွေ ပြန်လည်တွေ့ဆုံဖို့စတဲ့ ရည်ရွယ်ချက်အမျိုးမျိုးနဲ့ ဝင်ရောက်လာတဲ့ နိုင်ငံခြားသားတွေအတွက် ပြည်ဝင်ခွင့်ဗီဇာကင်းလွတ်ခွင့်မူဝါဒအရ တရုတ်နိုင်ငံအတွင်း နေထိုင်ခွင့်ကို မူလက ၇၂ နာရီအထိ သတ်မှတ်ထားရာက နာရီ ၂၄၀ ဒါမှမဟုတ် ၁၀ ရက်အထိ တိုးချဲ့သတ်မှတ်လိုက်တယ်လို့ ဒီဇင်ဘာလ ၁၇ ရက်မှာ ကြေညာခဲ့ပါတယ်။ ဒါက ဗီဇာကင်း လွတ်ဖြတ်သန်းသွားလာခွင့် မူဝါဒအရ တရုတ်နိုင်ငံအတွင်း အနားယူအပန်းဖြေနေထိုင်နိုင်ရေး ပိုမိုသင့်တော်မှုရှိစေဖို့နောက် ဆုံး ဆောင်ရွက်တာလည်းဖြစ်ပြီး မူဝါဒအနေနဲ့ ချက်ချင်းအသက်ဝင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။
တစ်ချိန်တည်းမှာပဲ လူဝင်မှုကြီးကြပ်ကွပ်ကဲရေးအဖွဲ့က ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒအရ တရုတ်နိုင်ငံအတွင်း ဝင်ရောက်နိုင်မယ့်နေရာကို ယခင် ၃၉ ခုမှ ၆၀ အထိတိုးမြှင့်ခဲ့ပါတယ်။ သူတို့မှာ ချန်ဒူးမြို့ရှိ တီယန်ဖူးအပြည်ပြည်ဆိုင်ရာလေဆိပ်နဲ့ တရုတ်တောင်ပိုင်း ဟိုင်နန်ပြည်နယ်ရှိ ဆန်ယဖီးနစ် အပြည်ပြည်ဆိုင်ရာလေဆိပ်တို့လည်း ပါဝင်လာပါတယ်။
ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့်မူဝါဒရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ဒီဇင်ဘာလ ၁၇ ရက်မှာ အခုလို ကြေညာခဲ့တာမှာ ကင်းလွတ်ခွင့်ရတဲ့နိုင်ငံခြားသားတွေအတွက် သွားလာလှုပ်ရှားနိုင်မယ့်နယ်မြေတွေကို မူလက ပြည်နယ် ၁၉ ခုသာရှိရာကနေ ရှန်ဇီ၊ အန်ဟူး၊ ဂျင်ဇီ၊ ဟိုင်နန် နဲ့ ဂွီကျို ပြည်နယ်တွေအပါအဝင် ပြည်နယ် ၂၄ ခု ကိုယ်ပိုင်အုပ်ချုပ်ရေးနယ်မြေတွေနဲ့ စည်ပင်သာယာဒေသတွေ ပါဝင်မှာဖြစ်ပါတယ်။
ဗီဇာကင်းလွတ်ဖြတ်သန်းသွားလာခွင့် မူဝါဒအရ တရုတ်နိုင်ငံအတွင်း နေထိုင်နေတဲ့နိုင်ငံခြားသားတွေအနေနဲ့ ခရီးသွားလာမှု၊ စီးပွားရေးလုပ်ငန်း၊ အလည်ခရီးနဲ့ မိသားစုလည်ပတ်မှုခရီးတွေ စတဲ့ လှုပ်ရှားဆောင်ရွက်မှုတွေမှာလည်း ပါဝင်နိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့်အလုပ်လုပ်ကိုင်တာ၊ ပညာသင်လေ့လာတာနဲ့ သတင်းတွေ့ဆုံမေးမြန်းမှုတွေပြုလုပ်ဖို့အတွက် ဆိုရင်တော့ တရုတ်နိုင်ငံကိုမလာခင် ပြည်ဝင်ခွင့်ဗီဇာရရှိဖို့ လိုအပ်လိမ့်မယ်လို့ သိရပါတယ်။
အခုအချိန်အထိ တရုတ်နိုင်ငံအတွင်း နာရီ ၂၄၀ ဒါမှမဟုတ် ၁၀ ရက်အထိ ဗီဇာကင်းလွတ်ဖြတ်သန်း သွားလာခွင့် မူဝါဒအရ နေထိုင်နိုင်ခွင့်မှာ အကျုံးဝင်တယ်လို့သတ်မှတ်ထားတဲ့ နိုင်ငံ ၅၄ နိုင်ငံရှိပါတယ်။
Ref- The Global Time
