၁၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံတွင် သမ္မတယွန်ဆက်ခ်ယို၏ စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကြေညာခဲ့မှုနှင့်ဆက်စပ်၍ ဖမ်းဆီးမှုပြုကာ ဆူပူအုံကြွမှုစွဲချက်များဖြင့် တရားစွဲခံထားရသော ကာကွယ်ရေးဝန်ကြီးဟောင်း ကင်ယုံဟွန်က အကျဉ်းစခန်းအတွင်း မိမိကိုယ်မိမိ သေကြောင်းကြံစည်ခဲ့ကြောင်း၊ သို့သော် ၎င်းမှာ ယခုအခါ ပုံမှန်အခြေအနေတွင် ရှိနေပြီဖြစ်ကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၁ ရက်တွင် ပြောကြားခဲ့သည်။
ကင်ယုံဟွန်က ဒီဇင်ဘာလ ၁၀ ရက် ည ၁၁း၅၂ နာရီတွင် ဆိုးလ်မြို့အရှေ့ပိုင်းရှိ ဆိုးလ်ဒုန်ဘူအကျဉ်းစခန်း၌ ရေချိုးခန်းတစ်ခုအတွင်း အတွင်းခံဘောင်းဘီမှ ပြုလုပ်ခဲ့သော ကြိုးတစ်ခုနှင့် ကြိုးဆွဲချသတ်သေရန် ကြိုးစားနေစဉ် တွေ့ရှိခဲ့ခြင်းဟု လည်း ဝန်ကြီးဌာနက ပြောခဲ့သည်။
၎င်းအားဆေးဝါးကုသမှုပြုရန် ဆေးအဖွဲ့တစ်ဖွဲ့ကိုစေလွှတ်ခဲ့ပြီး ဆေးအဖွဲ့၏ကုသမှုကြောင့် မူမမှန်သော အခြေအနေများမရှိတော့ဘဲ ယခုအခါ ပုံမှန်ဖြစ်နေပြီဟု ပြောကြားချက်ကဖော်ပြခဲ့သည်။
သမ္မတယွန်ဆက်ခ်ယိုလ်၏ ခြောက်နာရီသာကြာသော မအောင်မြင်သည့် စစ်အုပ်ချုပ်ရေးထုတ်ပြန်မှုဖြင့် နိုင်ငံအား မတည်မငြိမ် ဆူပူအုံကြွမှုဖြစ်စေခြင်းကို ကူညီသည့်စွဲချက်များဖြင့် ကာကွယ်ရေးဝန်ကြီး ကင်ယုံဟွန်အား ဖမ်းဆီးခဲ့ခြင်းလည်းဖြစ်သည်။
ရှေ့နေများက ကင်ယုံဟွန်အနေဖြင့် သမ္မတယွန်ထံ စစ်အုပ်ချုပ်ရေးကြေညာရန်အတွက် အဆိုပြုတင်ပြခဲ့ကာအမျိုးသားလွှတ်တော်ဝင်းအတွင်းနှင့် ရွေးကောက်ပွဲကော်မရှင်ဌာနချုပ်တို့တွင် တပ်ဖွဲ့များချထားရန် အမိန့်ပေးခဲ့သည်ဟု ယုံကြည်ထားကြသည်။
ဥပဒေအရ ထိုကဲ့သို့ ဆူပူအုံကြွမှုတစ်ရပ် ဖြစ်စေရန် ပူးပေါင်းပါဝင်ကြံစည်သူများကို သေဒဏ်၊ တစ်သက်တစ်ကျွန်းဒဏ် (သို့မဟုတ်) အနည်းဆုံး ထောင်ဒဏ်ငါးနှစ် အပြစ်ပေးနိုင်ကြောင်း သိရသည်။ ကင်ယုံဟွန်အား မိမိကိုယ်မိမိ သတ်သေရန်ကြိုးစားအပြီးတွင် ၎င်းအားအသက်ဘေးအတွက် အန္တရာယ်မဖြစ်စေနိုင်သည့် အချုပ်ခန်းတစ်ခုသို့ ပြောင်းရွှေ့ဖမ်းဆီးထားကြောင်းလည်း သိရသည်။
Ref- Yonhap