◾️ တရားမဝင်ကုန်သွယ်မှုကို တစ်လထက်တစ်လ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း ယခုထက်ပို၍ ၄ ဆခန့် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်ရန် SAC ဒုဥက္ကဋ္ဌ ညွှန်ကြား

၁၀. ၁၂. ၂၀၂၄
Written by Nyein Kyaw
တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ အစည်းအဝေး (၁၆)ကြိမ်အထိ ဆုံးဖြတ်ချက် ၅၆၀ ချက် ချမှတ်ဆောင်ရွက်နိုင်ခဲ့ပြီး ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလအထိ ၂ နှစ်နှင့် ၁၁ လ ကာလအတွင်း ဖမ်းဆီးရမိ အမှုတွဲ ၁၇,၂၅၈ မှုမှ ခန့်မှန်းတန်ဖိုးကျပ် ၃၇၉ ဒသမ ၂၄၇ ဘီလီယံ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် ဖမ်းဆီးရရှိမှုများတွင် မန္တလေး တိုင်းဒေသကြီးက အများဆုံး၊ ကရင်ပြည်နယ်က ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်းများက အများဆုံးဖြစ်ပြီး လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက ဒုတိယအများဆုံးနှင့် တတိယအများဆုံးသည် ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများ ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ လအလိုက် ဖမ်းဆီးရရှိမှုမှာ တစ်လထက်တစ်လ တိုးတက်ဖမ်းဆီးနိုင်ခဲ့သော်လည်း မိမိနိုင်ငံနှင့် ကုန်သွယ်ဖက် အိမ်နီးချင်းနိုင်ငံတို့၏ ပို့ကုန်/သွင်းကုန် လက်ခံစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင်မူ မိမိနိုင်ငံ၏ ပို့ကုန်ပိုင်းမှာရော သွင်းကုန်လက်ခံပိုင်းမှာပါ အိမ်နီးချင်းနိုင်ငံ၏ စာရင်းဇယားအရ များစွာလျော့နည်းမှုများ ဖြစ်ပေါ်နေသည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
သိုဖြစ်၍ ဦးဆောင်ကော်မတီနှင့် အထူးအဖွဲ့များနှင့် တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး တာဝန်ရှိသူအသီးသီးသည် တရားမဝင် ကုန်ပစ္စည်းများအား ယခုထက်ပို၍ ၄ ဆခန့် ထိထိရောက်ရောက် ဖမ်းဆီးနိုင်ရေး ဆောင်ရွက်သွားကြရန် လိုအပ်နေသည်ကို ရှင်းရှင်းလင်းလင်းတွေ့ရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
တရားမဝင်ကုန်သွယ်မှု တားဆီးဖော်ထုတ်ရာတွင် သတင်းရရှိမှုသည် အရေးကြီးကြောင်း၊ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ၊ အောက်တိုဘာလနှင့် နိုဝင်ဘာလများအတွင်း သတင်းရရှိမှု ၂၀၄ ကြိမ်ရရှိခဲ့ပြီး သတင်းမှား ၇၉ ကြိမ်၊ နောက်ကျသတင်း ၄ ကြိမ်၊ သတင်းမှန် ၁၂၁ ကြိမ် ဖြစ်ကြောင်း၊ သတင်းရရှိမှုများကြောင့် ဖမ်းဆီးရမိမှုအမှုတွဲ ၂၄၂ မှုနှင့် ဖမ်းဆီးရမိမှု တန်ဖိုးငွေကျပ် ၅ ဘီလျံကျော် ဖမ်းဆီးရမိခဲ့ကြောင်း၊ သတင်းပေးပိုသည့် တာဝန်သိပြည်သူအရေအတွက် ယခုထက် ပိုမိုများပြားအောင် ကြိုးစား ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
