၁၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
အနောက်အိန္ဒိယကျွန်းစုတွင်ပါဝင်တဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဟေတီနိုင်ငံမြို့တော် ပို့သ်အောပရင့်မှာ မြို့ရဲ့အဆင်းရဲဆုံးရပ်ကွက်တစ်ခုအတွင်း ယခုရက်သတ္တပတ်ကုန်ပိုင်းက အနည်းဆုံး လူ ၁၈၄ ဦး သေဆုံးခဲ့ရတဲ့ အစုလိုက်အပြုံလိုက်လူသတ်မှုတစ်ခုဖြစ်ခဲ့ရတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်အကြီးအကဲက ဒီဇင်ဘာလ ၉ ရက်က ပြောခဲ့ပါတယ်။
ဟေတီလူ့အခွင့်အရေးအုပ်စုကလည်း အဆိုပါသတ်ဖြတ်မှုက ရာဇဝတ်ဂိုဏ်းတစ်ခုမှ အကြီးအကဲတစ်ဦးရဲ့ လက်စားချေ ရန်ကြွေးဆပ်မှုလို့ပြောခဲ့ပါတယ်။ ဒီအစုလိုက်အပြုံလိုက်သတ်ဖြတ်မှုက ပို့သ်အောပရင့်ရဲ့ ဆင်းရဲသားကျူးကျော်ကွက်တစ်ခုဖြစ်တဲ့ Wharf Jeremie မှာ ဒီဇင်ဘာလ ၆ ရက်က စလို့ ဖြစ်ခဲ့တာပါ။
Wharf Jeremie ရပ်ကွက်အတွင်းလမ်းတွေပေါ်မှာတော့ ကိုယ်လက်အင်္ဂါ ဖြတ်တောက်ခြင်းခံရကာ သေဆုံးနေသူတွေရဲ့ အလောင်းတွေ မီးလောင်ပြန့်ကျဲနေတာ တွေ့ကြရပါတယ်။
ဒီသတ်ဖြတ်မှုက Vodou (Voodoo) လို့ခေါ်တဲ့ ဝိဉာဉ်တွေနဲ့ ဆက်သွယ်နိုင်တယ်ဆိုတဲ့ မှော်အတတ်ကျင့်စဉ်တစ်ခုကိုပြုလုပ်နေတဲ့ အသက်ကြီးပိုင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တာပါ၊ အဲဒီမှာသေဆုံးခဲ့သူတွေအနက် ၁၃၀ နီးပါးက အသက် ၆၀ ကျော်တွေလို့ သိရပါတယ်။ ဟေတီနိုင်ငံမှာ ၂၀၂၄ ခုနှစ်အတွင်း နှစ်ဆန်းပိုင်းကစလို့ အကြမ်းဖက်မှုတွေ နိုင်ံငံအတွင်း ဖြစ်ပွားနေခဲ့တာပါ။
ဒီလူသတ်မှုမှာ Monel Felix ဆိုတဲ့ ဂိုဏ်းရဲ့ခေါင်းဆောင်က သူ့ရဲ့ သားဖြစ်သူ နာမကျန်းဖြစ်နေတာဟာ Vodou ကျင့်စဉ် ပြုလုပ်ပြီး သူ့သားကိုတိုက်ခိုက်ခြင်းကြောင့်လို့ ခရစ်ယာန်ဘုန်းကြီးတစ်ပါးက ပြောခဲ့အပြီးမှာ လက်စားချေခဲ့ခြင်းလို့ဆိုပါတယ်။ သားဖြစ်သူကလည်း ဒီဇင်ဘာလ ၇ ရက်မှာ သေဆုံးခဲ့ရပါတယ်။
Vodou ကျင့်စဉ်က အနောက်အာဖရိကမှ စတင်ခဲ့တာဖြစ်ပြီး ဟေတီမှာလည်း တရားဝင်ကိုးကွယ်ရာ ဘာသာတစ်ခုအဖြစ်သတ်မှတ်ထားတာပါ။ ဒီကျင့်စဉ်ကို ကိုးကွယ်သူတွေက တိရစ္ဆာန်တွေနဲ့ သစ်ပင်တွေ အပါအဝင် သက်ရှိတိုင်းမှာ ဝိဉာဉ်ရှိတယ်လို့ ယုံကြည်ကြပါတယ်။
Ref-CBS
