အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများကို မိခင်နိုင်ငံပြန်ပို့စဥ်

MT News

Written by Nay Aung

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန အာဏာပိုင်များသည် ပြီးခဲ့သော ရက်ပိုင်းက ကွာလာလမ်ပူမြို့အနီးရှိ ဂျလမ်အင်ဘိုင်အရပ်ရှိ တိုက်ခန်းကို စီးနင်းခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ချင်းတိုင်းရင်းသားများကို ဒုက္ခသည်ကတ်များ ထုတ်ပေးနေသည့် တရားမဝင်အဖွဲ့အစည်းကို ဖြိုခွင်းနိုင်ခဲ့ကြောင်း သိရသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွှန်ကြားရေးမှူး ဒါတွတ်ဆာရီ ဒီဇိုင်မီဒွတ်က အဆိုပါ တရားမဝင်အဖွဲ့အစည်းသည် ၂၀၀၉ ခုနှစ်တည်းက ဂျလမ်အင်ဘိုင် အရပ်ဒေသရှိ တိုက်ခန်းတွင် လုပ်ငန်းများ လုပ်ကိုင်နေခဲ့ကြောင်း၊ အဆိုပါ တိုက်ခန်းကို စီးနင်းချိန်အတွင်းသိမ်းဆည်းရမိသော အထောက်အထားများအရ ဒုက္ခသည်ကတ်ရရှိရန် လျှောက်ထားသူတစ်ဦးသည် မလေးရှားရင်းဂစ် ၅၀၀ အပြင် အခြားငွေကြေးများလည်း ပေးချေရမှုရှိခဲ့ကြောင်း ပြောသည်။

“သိမ်းဆည်းရမိတဲ့ အထောက်အထားမှတ်တမ်းတွေအရ ချင်းတိုင်းရင်းသား ၁၀၀၀ ခန့်ဟာ ဒီတရားမဝင်အဖွဲ့အစည်းရဲ့အဖွဲ့ဝင်တွေဖြစ်နေပြီး ဒုက္ခသည်ကတ်တွေ ရရှိထားပါတယ်။ ဒုက္ခသည်ကတ် ကိုင်ထားတဲ့ ချင်းတိုင်းရင်းသားဟာ တတိယနိုင်ငံကိုထပ်မံသွားရောက်ဖို့ စောင့်ဆိုင်းနေတဲ့သူအဖြစ် အသိမှတ်ပြုခံရပါတယ် ” ဟု ၎င်းကဆိုသည်။

မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွှန်ကြားရေးမှူး က အဆိုပါ တရားမဝင်အဖွဲ့စည်းကို နောက်ကွယ်က ကြိုးကိုင်ပြီး လှုပ်ရှားနေသူသည် ချင်းတိုင်းရင်းသားအုပ်စုမှ ဖြစ်နိုင်ဖွယ်ရှိနေပြီး ဖမ်းဆီးနိုင်ရန် ခြေရာခံ ကြိုးပမ်းမည်ဖြစ်ကြောင်း ပြောသည်။

အဆိုပါတိုက်ခန်းကို စီးနင်းချိန်အတွင်း တရားမဝင်အဖွဲ့အစည်းနှင့်ဆက်နွှယ်နေသူ နိုင်ငံခြားသားပေါင်း ၁၀၅၁ ဦးကို စုံစမ်းစစ်ဆေးခဲ့ပြီး ၎င်းတို့ထဲမှ ၅၄၄ ဦးမှာ အသက် ၁ နှစ်နှင့် ၆၈ နှစ်ကြား အရွယ်များဖြစ်ကာလူဝင်မှုကြီးကြပ်ရေး ဥပဒေချိုးဖောက်မှုများဖြင့် ဖမ်းဆီးထိမ်းသိမ်းခဲ့ပြီးနောက် ဘာကစ်ဂျာလီ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းသို့ ထပ်မံပို့ဆောင်ခဲ့ကြောင်း မလေးရှားသတင်းများက ဆိုသည်။

ဖမ်းဆီးထိန်းသိမ်းခံရသူများထဲတွင် ကလေးငယ် ၃၀ ဦးပါဝင်ခဲ့ပြီး အသက် ၁ နှစ်နှင့် ၁၀နှစ်အရွယ်များဖြစ်ကာ ချင်းတိုင်းရင်းသားအုပ်စုကဖြစ်ကြောင်း မလေးရှား လူဝင်မှုကြီးကြပ်ရေးဌာန၏ ညွှန်ကြားရေးမှူးကပြောသည်။

ref thesundaily

Leave a Reply

Your email address will not be published. Required fields are marked *