
၃.၁၂. ၂၀၂၄
Translated by Tha Doe
မှောင်ခိုစျေးကွက်က မြန်မာ့ကျွန်းသစ်ကို ရွက် သင်္ဘောတည်ဆောက်ရေးမှာ သုံးခဲ့တဲ့ Oceanco ရွက်သင်္ဘောတည်ဆောက်ရေး ကုမ္ပဏီကို နယ်သာလန်ပြည်သူ့တရားစွဲဆိုရေး ဝန်ဆောင်မှုရုံးက ယူရို ၁၅၀၀၀၀ ပြစ်ဒဏ်ချလိုက်တယ်လို့ ရွက်သင်္ဘောဆိုင်ရာအထူးပြု Website တွေက ဒီဇင်ဘာ ၂ ရက်မှာ သတင်းဖော်ပြလာမှုအရ သိရပါတယ်။
နယ်သာလန်အခြေစိုက် Oceanco သင်္ဘောကျင်းဟာ သူတို့ထုတ်လုပ်တဲ့ ဇိမ်ခံရွက်သင်္ဘောတွေမှာ မြန်မာ့ကျွန်းသစ်ကို အသုံးပြုမှုနဲ့ ဥရောပသစ်စည်းမျဉ်းစည်းကမ်း (EUTR) ကို ဖောက်ဖျက်တဲ့အတွက် ဒဏ်ရိုက်ခံခဲ့ရတာဖြစ်သလို Oceanco ကလည်း မြန်မာ့ကျွန်းသစ်ကို မရည်ရွယ်ဘဲသုံးမိတယ်လို့ ဝန်ခံခဲ့ပါတယ်။
EUTR ဟာ ဥရောပသမဂ္ဂကို မြန်မာ့ကျွန်းသစ်အပါအဝင် တရားမဝင် သစ်တွေ တင်သွင်းတာကို တားမြစ်ထားပြီး ကုမ္ပဏီတွေအနေနဲ့လည်း အသုံးပြုတဲ့ သစ်ရဲ့တရားဝင်ဇာစ်မြစ်ကို စစ်ဆေးဖို့ လိုအပ်ကြောင်းနဲ့ Oceanco ဟာလည်း တားမြစ် မြန်မာ့ ကျွန်းပရိဘောဂတွေ အသုံးပြုပြီး စည်းမျဉ်းကို ချိုးဖောက်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ နယ်သာလန် ပြည်သူ့တရားစွဲဆိုရေးဝန်ဆောင်မှုက အသိပေးခဲ့ပါတယ်။


Oceanco ရဲ့ ၁၂၇ မီတာရှိတဲ့ Koru သင်္ဘောပေါ်မှာ မြန်မာကျွန်းသားတွေနဲ့ ပြုလုပ်ထားတဲ့ အတွင်းပိုင်းအချောထည်ပရိဘောဂတွေ အသုံးပြုထားပြီး EUTR စည်းကမ်းဖောက်ဖျက်ခဲ့သလို ဒီ ကျွန်းသစ်ကို ဂျာမန်သစ်ကုန်သည် Alfred Neumann က ပေးဆောင်ခဲ့တယ်လို့ တရားရုံးမှတ်တမ်းက ပြဆိုပြီး Alfred Neumann ကလည်း ဒီကျွန်းသစ် တရားဝင် မဝင်ကို သက်သေမပြနိုင်တာကြောင့် ဂျာမနီအာဏာပိုင်တွေဆီကို လိုအပ်သလိုစစ်ဆေးဖို့ အကြောင်းကြားခံနေရပြီဖြစ်ပါတယ်။
Oceanco လိုပဲ ဗြိတိန်အခြေစိုက် နာမည်ကြီး Sunseeker International သင်္ဘောကုမ္ပဏီကိုလည်း ဗြိတိန်တရားရုံးတစ်ခုက မြန်မာနိုင်ငံက တင်သွင်းလာတဲ့ ကျွန်းသစ်တွေကို သင်္ဘောတချို့မှာ အသုံးပြုထားမှု အပါအဝင် သက်သေအထောက်အထား ခိုင်လုံစွာရှိတဲ့ အမှု ၁၁ ခုအတွက် ပေါင် ၃၅၈,၇၅၉ (ဒေါ်လာ ၄ သိန်းခွဲ) ဒဏ်တပ်ခဲ့တယ်လို့ လန်ဒန်အခြေစိုက် သဘာဝပတ်ဝန်းကျင် စုံစမ်းစစ်ဆေးရေး အေဂျင်စီ (Environmental Investigation Agency- EIA) က နိုဝင်ဘာ ၂၅ မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
ကမ္ဘာမှာ ရှားပါးသစ်ဖြစ်တဲ့ မြန်မာ့ကျွန်းသစ်ရောင်းချမှုနဲ့ တင်ပို့မှုအားလုံးကို အီးယူ၊ ယူကေနဲ့ အမေရိကန်တို့က အရေးယူပိတ်ဆို့မှု လုပ်ဆောင်ထားပြီး အနောက် နိုင်ငံတွေဆီ မြန်မာ့ကျွန်းသစ် တရားမဝင်တင်သွင်းမှုကို စာရွက်ပေါ်မှာ တားဆီးထားပေမဲ့ ရှားပါးအဖိုးတန် မြန်မာ့ကျွန်းသစ်ကို အမေရိကန်ကအစ ခိုးသွင်းနေတယ်လို့လည်း EIA က အစီရင်ခံထားပါသေးတယ်။
Ref, Superyacht News
