၂.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုရဲ့ ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရန့်က သမီးဖြစ်သူ တစ်ဖနီ(Tiffany) ရဲ့ ယောက္ခမဖြစ်တဲ့ လက်ဘနွန်-အမေရိကန် စီးပွားရေးလုပ်ငန်းရှင် မာဆတ်ဘူးလို့စ်(Massad Boulos) ကို အာရပ်နဲ့ အရှေ့အလယ်ပိုင်းရေးရာအကြီးတန်းအကြံပေးပုဂ္ဂိုလ်အဖြစ် ဒီဇင်ဘာလ ၁ ရက်က သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ဒီမိုကရက်ပါတီသမ္မတ ဂျိုးဘိုင်ဒန်ရဲ့ထောက်ပံ့ကူညီမှုနဲ့ ဂါဇာကမ်းမြောင်ဒေသနဲ့ လက်ဘနွန်နိုင်ငံတို့မှာ အစ္စရေးတပ်တွေ ထိုးစစ်ဆင်နေတာကို ဒေါသဖြစ်နေကြတဲ့ကြီးမားလှတဲ့ အာရပ်-အမေရိကန် လူဦးရေများရှိရာနယ်မြေတွေမှာ ထရန့်အနေနဲ့ အစည်းအဝေးတွေ အများအပြား ကျင်းပပြီး အာရပ်-အမေရိကန် အသိုက်အဝန်းကိုစည်းရုံးမှုပြုနိုင်ဖို့ ရွေးကောက်ပွဲမဲဆွယ်ကာလမှာ ဘူးလို့စ်က စီစဉ်ပေးခဲ့တာပါ။ ထရန့်က အာရပ်-အမေရိကန်တို့ အများဆုံးနေထိုင်ရာ မီချီဂန်ပြည်နယ်နဲ့ တခြား Swing States တွေမှာလည်း နိုင်ခဲ့ပါတယ်။
ထရန့်က ဘူးလို့စ်ကို “သူဟာ ရီပတ်ဘလစ်ကန်ပါတီနဲ့ ရှေးရိုးစွဲမူတွေရဲ့ အရေးပါမှုကို ကြာရှည်စွာထောက်ခံလာသူဖြစ်ပြီးကျွန်တော့်မဲဆွယ်ပွဲအတွက် တန်ဖိုးရှိတဲ့သူလည်းဖြစ်တယ်၊ အာရပ်-အမေရိကန် အသိုက်အဝန်းနဲ့ ကြီးမားတဲ့ညွန့်ပေါင်းတွေ တည်ဆောက်ရာမှာ အရေးပါသူဖြစ်တယ်”လို့ Truth Social မီဒီယာမှာ ပြောခဲ့ပါတယ်။ ဒါ့ပြင် ထရန့်က “ဘူးလို့စ်က အရောင်းကိုယ်စားလှယ်တစ်ဦးပါ။ အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းရေးကိုလည်း မယိမ်းမယိုင်ထောက်ခံသူပါ”လို့ ဆိုခဲ့ပါသေးတယ်။
ထရန့်နဲ့ ဘူးလို့စ် နှစ်ဦးစလုံးက ရီပတ်ဘလစ်ကန်သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ အရှေ့အလယ်ပိုင်းဒေသအတွက် ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းလာမယ်လို့ ပြောခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့က ဒေသအတွက် ထရန့်ရဲ့ ခိုင်မာတဲ့အစီအစဉ်တွေကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုမှု မလုပ်သေးပါဘူး။
ဘူးလို့စ်က လက်ဘနွန်မှာ အရင်က ရုံးထိုင်ခဲ့ပြီး လက်ဘနွန်နိုင်ငံရဲ့ နိုင်ငံရေးသမားတွေနဲ့ အဆက်အသွယ်ရှိသူလည်းဖြစ်ပါတယ်။ အမျိုးသားလုံခြုံရေးနဲ့သက်ဆိုင်တဲ့ အခြားနေရာတွေမှာ ထရန့်ရွေးချယ်သူတွေက ထရန့်ရဲ့မဟာမိတ်လည်းဖြစ်တဲ့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို အခိုင်အမာထောက်ခံသူတွေဖြစ်ကြတာကိုတော့ တွေ့ရပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ အစ္စရေးနိုင်ငံဆိုင်ရာသံအမတ်အဖြစ်ခန့်အပ်ဖို့ ရွေးချယ်ထားတဲ့ မိုက်ဟတ်ကာ ဘီးဆိုရင်လည်း အစ္စရေးနိုင်ငံကို ဝန်းရံတဲ့နယ်မြေတွေစုပေါင်းပြီး ပါလက်စတိုင်းနိုင်ငံလို့ ထူထောင်မှာကို အစဉ်တစိုက်ဆန့်ကျင်ခဲ့သူဖြစ်ပါတယ်။ အစ္စရေးနိုင်ငံမထူထောင်မီကပင် ပါလက်စတိုင်းဆိုတဲ့နိုင်ငံမှာ နေထိုင်ခဲ့ကြသူတွေရဲ့ သားစဉ်မြေးဆက် ဆင်းသက်လာသူတွေဖြစ်တယ်ဆိုတာကို မိုက်ဟတ်ကာဘီးက လက်မခံခဲ့မါဘူး။
ထရန့်က ကာကွယ်ရေးဝန်ကြီးအဖြစ်ရွေးချယ်ထားတဲ့ Pete Hegseth ဆိုရင် အစ္စလာမ်ဘာသာဝင်တို့ရဲ့ ဂျေရုဆလမ်မြို့ရှိ အမြင့်မြတ်ဆုံးသောဗလီဖြစ်တဲ့ အယ်လ်အက်ဆာဗလီနေရာမှာ ဂျုးဘုရားရှိခိုးကျောင်း တစ်ကျောင်းတည်ဆောက်ဖို့အတွက် ထောက်ခံလာသူပါ။
ဂါဇာကို အစ္စရေးတို့ ထိုးစစ်ဆင်မှုအတွက် အမေရိကန်က ထောက်ပံ့မှုအပေါ် ဒီမိုကရက်ပါတီထဲမှာကိုအခြေပြုပြီး သဘော ထားကွဲနေမှုတွေကို အရင်းအနှီးပြုပြီးတော့ ဘူးလို့စ် က ထရန့်ကို အကူအညီပေးခဲ့တယ် ဆိုပါတယ်။ ဟားမားစ်တို့ အုပ် ချုပ်တဲ့ ဂါဇာဒေသအတွင်း အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုကြောင့် လူပေါင်း ၄၄,၀၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ဂါဇာအစိုးရရဲ့ ကျန်းမာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောခဲ့ကြပါတယ်။
ထရန့်က မီချီဂန်ပြည်နယ်ကို ၂၀၁၆ ရွေးကောက်ပွဲမှာ မဲ ၁၀၀၀၀ အသာနဲ့သာ နိုင်ခဲ့တာပါ။ ၂၀၂၀ ပြည့်နှစ်မှာတော့ ဂျိုးဘိုင်ဒန်က အကြမ်းအားဖြင့် မဲ ၁၅၄၀၀၀ မဲ အသာနဲ့ ပြန်လည် အနိုင်ယူခဲ့ပါတယ်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာတော့ ထရန့်က မီချီဂန်မှာ ထောက်ခံမဲ ၄၉ ဒသမ ၇ ရာခိုင်နှုန်း ရရှိအနိုင်ရခဲ့တာပါ။
သမ္မတ သက်တမ်းပထမအကြိမ်ကလည်း မိသားစုဝင်တွေနဲ့ သူတို့ရဲ့ဆွေမျိုးတွေကို အရေးပါတဲ့နေရာတွေမှာထားခဲ့တဲ့ ရန့်ဟာ သမ္မတဒုတိယသက်တမ်းကာလမှာလည်း ဒီနည်းအတိုင်း ကျင့်သုံးမယ်ဆိုတာ တွေ့နေရပါတယ်။ သူက သားမက်ဖြစ်သူ Jared Kushner ရဲ့ဖခင် အိမ်ခြံမြေဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သူ Charles Kushner ကိုလည်း ပြင်သစ်နိုင်ငံဆိုင်ရာ သံအမတ်အဖြစ် အမည်စာရင်းတင်သွင်းဖို့ရှိတယ်လို့ဆိုပါတယ်။
Ref- AP
