၂၉.၁၁. ၂၀၂၄
Written by Shwe Phyo
စင်ကာပူနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာအိမ်အကူအမျိုးသမီးသည် ခွေးကို ရိုက်သတ်မှု ကျူးလွန်ခဲ့သည့်အတွက် ပြီးခဲ့သောရက်ပိုင်းတွင် ထောင်ဒဏ် ၉လ ပြစ်ဒဏ်ချမှတ်ခံလိုက်ရကြောင်း စင်ကာပူအခြေစိုက်မီဒီယာများက ဖော်ပြထား သည်။
မြန်မာအိမ်အကူအမျိုးသမီးသည် ၂ နာရီအတွင်း ခွေးကို လည်ပင်းညှစ်ခြင်း၊ ဦးခေါင်းကို ရိုက်နှက်ခြင်းများလုပ်ဆောင်ခဲ့ပြီး လသာဆောင်လက်ရန်းပေါ်တွင် တွဲလောင်းချကာ ညှင်းပန်းနှိပ်စက်ပြီး သတ်ရန်ကြိုးပမ်းခဲ့ကြောင်း သိရသည်။
မြန်မာအမျိုးသမီးသည် “Boyboy”.ဟုအမည်ပေးထားသော အညိုရောင်ခွေးငယ်ကို ဇန်နဝါရီ ၂၂ ရက်နေ့က Sengkang မြို့၊ Fernvale လမ်း၊ အထပ် ၂၃ ထပ်ရှိ တိုက်ခန်းထဲတွင် ညှင်းပန်းနှိပ်စက်ကာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စင်ကာပူအာဏာပိုင်များသည် အသက် ၂၆နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား လယ်အမ်ပီကို တိရစ္ဆာန်နှင့်ငှက်များ ညှင်းပန်းနှိပ်စက်မှုဆိုင်ရာ ဥပဒေဖြင့် စွဲချက်လေးခုတင်ခဲ့ပြီး နိုဝင်ဘာ ၂၆ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြန်မာအိမ်အကူအမျိုးသမီး၏ အလုပ်ရှင်တွင် အလှမွေးထားသော ခွေးနှစ်ကောင်ရှိပြီး မြန်မာအိမ်အကူအမျိုးသမီးကို ခွေးများ သီးခြာထားရန်အတွက် ခွေးတစ်ကောင်ကို လသာဆောင်တွင်ထားရန် ညွှန်ကြားခဲ့ကြောင်း သိရသည်။ အဆိုပါလသာဆောင်တွင် CCTV ကင်မရာများ တပ်ဆင်ထားပြီး ပြန်လည်စစ်ဆေးကြည့်ရှုချိန်တွင် မြန်မာအိမ်အကူအမျိုးသမီးက ခွေးကို ညှင်းပန်းနှိပ်စက်သတ်ဖြတ်နေခြင်းကိုတွေ့မြင်ခဲ့ရခြင်းဖြစ်ကြောင်း စင်ကာပူအခြေစိုက်သတင်းများတွင် ဖော်ပြထားသည်။
မြန်မာအိမ်ကူအမျိုးသမီးသည် ခွေးကို လက်ဖြင့် သုံးကြိမ်ရိုက်သည့်အပြင် ဦးခေါင်းကိုလည်း တုတ်ဖြင့် ရိုတ်သတ်ခဲ့ကြောင်းသိရသည်။
REf, straitstimes