၆.၁.၂၀၂၃
Written By Myo Khine

နှစ်ခြမ်းကွဲနေသော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) ပြန်လည်ပေါင်းစည်းရေး လုပ်ဆောင်နေကြောင်း နှစ်ခြမ်းကွဲသွားသည့် ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် အဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ အတွင်းရေးမှူး ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က MT News သို့ ပြောသည်။

ယနေ့ ဇန်နဝါရီ ၆ ရက်တွင် ရခိုင်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တစ်ခုဖြစ်သော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် နှစ်ခြမ်းကွဲနေသည်မှာ တစ်နှစ်ပြည့်ပြီ ဖြစ်သည်။

ပါတီ ခေါင်းဆောင် ခိုင်စိုးနိုင်အောင် ဦးဆောင်သော အဖွဲ့နှင့် ခိုင်ရဲခိုင်၊ ဒေါ်စောမြရာဇာလင်းတို့ ဦးဆောင်သော အဖွဲ့တို့ နှစ်ခြမ်းကွဲခြင်းဖြစ်သော်လည်း တစ်ဖက်နှင့်တစ်ဖက် ပါတီတံဆိပ်ကို တူညီစွာအသုံးပြုနေကြဆဲဖြစ်သည်။

ဥက္ကဋ္ဌအဖြစ် ခိုင်ရဲခိုင်၊ ဒု ဥက္ကဋ္ဌအဖြစ် ဒေါ်စောမြရာဇာ လင်းတို့ ခေါင်းဆောင်ပိုင်းနေရာကို ရယူထားသော ALP က ရခိုင့်ကံကြမ္မာ၊ ရခိုင်တို့ ဖန်တီးနိုင်ရေး အမျိုးသား ဘုံပန်းတိုင်မှာ လက်ရှိအခြေအနေတွင် မရောက်နိုင်သေးကြောင်း၊ ရခိုင်တော်လှန်ရေးအဖွဲ့အစည်း အပါအဝင် နိုင်ငံရေးပါတီများနှင့် ပူးပေါင်းကာ တိုက်ပွဲဝင်မည်ဖြစ်ကြောင်း ဇန်နဝါရီ ၆ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး ဥက္ကဋ္ဌအဖြစ် ခိုင်စိုးနိုင်အောင်၊ ဒုဥက္ကဋ္ဌအဖြစ် ဗိုလ်မှူးကြီး ခိုင်မာယုနှင့် ဗိုလ်မှူးကြီး ခိုင်ထွန်းဝင်းတို့ ခေါင်းဆောင်ပိုင်းနေရာကို ယူထားသောဘက်က ပါတီတွင်း သဘော ထားကွဲလွဲမှု မဖြစ်ပေါ်စေရန် နိုင်ငံရေး ဦးဆောင် ကော်မတီတစ်ရပ်ကို ဖွဲ့စည်းရခြင်းဖြစ်ကြောင်း ၂၀၂၂ ဇန်နဝါရီ ၁၂ ရက် ရက်စွဲဖြင့် ထုတ်ပြန်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာ၁၀ ရက်မှ ၁၄ ရက်အထိ စစ်တွေမြို့တွင် ပါတီ ခေါင်းဆောင်ပိုင်း အစည်းအဝေး တစ်ရပ်ပြုလုပ်ခဲ့ပြီး မူဝါဒနှစ်ခုထွက်ပေါ်လာသည့် အပေါ်သဘောထား ကွဲလွဲမှုဖြစ်ပွားခဲ့ကြ ည်။ ယင်းအစည်းအဝေးတွင် ဥက္ကဋ္ဌ ခိုင်ရဲခိုင်အဖွဲ့က NCA ကို ဖျက်ကာ လက်နက်ကိုင်တိုက်ပွဲဖြင့်သွားရမည်ဟုအခိုင်အမာ ရပ်တည်ပြောကြားခဲ့သည်။ ဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင် တာဝန်ယူထားသည့် အဖွဲ့ကမူ လက်နက်ကိုင် တိုက်ပွဲလမ်းကြောင်းနှင့်သွားမည်ကို သဘောတူသော်လည်း NCA သဘောတူညီချက်ကို ဖျက်သိမ်းပြီး သွားရမည်ဆိုသည်ကို ပြန်လည်သုံးသပ် လုပ်ဆောင်ရန် အစည်းအဝေးတွင် တင်ပြခဲ့ခြင်းကြောင့်ဖြစ်သည်။

“ဒီကြားထဲမှာ နှစ်ခြမ်းဖြစ်နေတာကို တစ်ပါတီတည်း ဖြစ်အောင် တစ်ခုတည်းဖြစ်အောင် ကြိုးစားနေပါတယ်။ အခုက စေ့စပ်ရေးကို လုပ်နေတဲ့အချိန် ဖြစ်တယ်။ ဟိုဖက် ဒီဖက်အတွင်းရေးမှူးတွေ တွေ့ဖို့လုပ်နေကြတယ်။ မကြာခင် အဖြေတစ်ခု ထွက်လာလိမ့်မယ်လို့ ယူဆမိပါတယ်။ဘာလို့လဲဆိုရင် အောက်ခြေမှာ လူငယ်ပိုင်းတွေက ပေါင်းစည်းရေးကို ဘယ်လိုပုံစံမျိုးနဲ့ အခြေခံကျကျ ဖြစ်အောင် ကြိုးစားနေကြပါတယ်။ ဒီနှစ်သစ်မှာ ဖြစ်လာလိမ့်မယ်လို့လည်း ယူဆပါတယ်။ စေ့စပ်ရေးလုပ်နေချိန်မှာ အတွင်းရေးမှူးတွေနဲ့ အပေါ်ပိုင်းတွေဖြစ်တဲ့ ဆရာမကြီးဒေါ်စောမြရာဇာလင်းတို့၊ ဥက္ကဋ္ဌ ခိုင်အေးခိုင်တို့၊ ဒုဥက္ကဋ္ဌခိုင်စိုးနိုင်အောင်တို့ ၊ ဒီဖက်က ဒုဥက္ကဋ္ဌလည်းဖြစ်တဲ့ ခိုင်မာယုတို့ သူတို့တွေကို ခဏထားပြီး လူငယ်ပိုင်း အောက်ခြေမှာ ဘယ်လိုပေါင်းစည်းရေး လုပ်မလဲ ဆိုတာကို အခြေခံကျကျ လုပ်ကြမှာပါ”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးနေ့တွင် ALP ၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင်၊ စစ်ဦးစီးချုပ် ဗိုလ်ချုပ် ခိုင်စိုးမြနှင့် အမှတ် (၁၀၁) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ကို ရခိုင်အမျိုးသားအဖွဲ့ချုပ်-ရခိုင် တပ်တော် (ULA – AA) အဖွဲ့ကလုပ်ကြံသတ်ဖြတ်ခဲ့ကြောင်း ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ (ALP) က ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၅ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ ဖြစ်စဉ်မှာ ULA – AA အဖွဲ့၏ ရခိုင်အမျိုးသားအချင်းချင်းကြား လူသားမဆန် အကြမ်းဖက်လုပ်ကြံခြင်းဖြစ်ကြောင်း၊ ရခိုင်တစ်မျိုးသားလုံး စည်းလုံးညီညွတ်ရေးကို ထိခိုက်ပျက်စီးစေသည်သာမက ရခိုင်ပြည်သူများကိုပါ တုန်လှုပ်ခြောက်ခြားစေသည့်အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ၊ တရားမျှတမှုရရှိအောင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ALP ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

“ခဏတဖြုတ် ကွဲနေကြပေမဲ့ အခုလို ဖြစ်သွားတဲ့ အတွက် လုံး၀ စိတ်မကောင်းဘူး။ ဒီလို ပြဿနာတွေ ဖြစ်တာကလည်း နွားကွဲလို့ ကျားဆွဲတယ်လို့ပဲ ခံယူထားပါတယ်။ ရခိုင်ပြည် လွတ်မြောက်ရေးပါတီကိုလည်း မည်သည့်အဖွဲ့ကမှ ပျောက်အောင်လုပ်လို့ ရလိမ့်မှာတော့ မဟုတ်ဘူးလို့ ခံယူထားပါတယ်”ဟု ဗိုလ်မှူးကြီး ခိုင်ကျော်လှိုင်က ပြောသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *