၂၀. ၁၁. ၂၀၂၄
Written by Hey Mar
ပိုက်ဆံခိုးပါတယ်လို့ စွပ်စွဲခံရတဲ့အတွက် အရှက်ကြီးပြီး အသက်နှစ်ဆယ်ကျော် မိန်းမငယ်တစ်ဦး မြက်သတ်ဆေးသောက်ခဲ့တဲ့ဖြစ်စဉ် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်မှာ မနေ့က နိုဝင်ဘာ ၁၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေးအသင်းထံကနေသိရပါတယ်။
ဖြစ်စဉ်က ထန်းတပင်မြို့၊ ရွာလေးကုန်းကျေးရွာမှာ ဖြစ်ပွားခဲ့ပြီး အဆိုပါမိန်းမငယ်က တစ်ရွာတည်းနေ အဒေါ်အိမ်ကို သွားလည်ရင်း အဒေါ်အိမ်က အိမ်သာက သော့ခတ်ထားတာကြောင့် ခြံဝန်းခြင်းဆက်လျှက် ကာရံထားခြင်းမရှိတဲ့ တစ်ဖက်အိမ်နီးခြင်းရဲ့ အိမ်သာမှာသွားရောက်ခဲ့ရာက အိမ်နီးခြင်းက ပိုက်ဆံတစ်သိန်းပျောက်ဆုံးတာကို သူမလက်ချက်လို့ စွပ်စွဲပြီး ယောက်ျားနှစ်ဦးကို ရိုက်ပုတ်ဖမ်းဆီးခိုင်းတယ်လို့ ဆိုပါတယ်။ အဲ့ဒီဖြစ်ရပ်ကို အရှက်ကြီးရှက်သွားတဲ့အတွက် မြက်သတ်ဆေးသောက်ခဲ့တာကြောင့် အခုအခါမှာ တောင်ငူဆေးရုံမှာ တက်ရောက်ကုသနေဆဲဖြစ်ပြီး ခန္ဓာကိုယ်အခြေအနေ သက်သာလာပေမယ့် ဦးနှောက်အနည်းငယ် ထိခိုက်ပျက်စီးတဲ့ အခြေအနေလို့ သိရပါတယ်။
နွမ်းပါးလူနာဖြစ်တာကြောင့် အခက်အခဲတွေလည်း ဖြစ်ပေါ်နေပြီး လူနာကို ကူညီဆောင်ရွက်ပေးနေတဲ့ Save the Recuse Team မှ ကိုကျော်သူရက “သူဆေးရုံရောက်တာ နောက်ကျတော့ ဆရာဝန်က အသက်ရှင်ဖို့ ရာနှုန်းနည်းတယ်လို့ တောင်ပြောခဲ့တာ။ ရှင်ခဲ့ရင်လည်း ဦးနှောက်တော့ ထိမယ်လို့ ကုသမှုပိုင်းဆိုင်ရာ နဲ့ပတ်သက်တာတွေ ပြောခဲ့တာပေါ့။ ဖြစ်တာက ဥပဒေကြောင်းအရမသွားဘဲ ရိုက်နှက်ခိုင်းတာလည်း ဒါအရေးယူလို့ရတယ်၊ သူဆေးသောက်တာလည်း ဒါက အရေးယူခံရမှာပဲ။ အခုတော့ ကုသဆဲ အခြေအနေပါ” လို့ MT News ကို ပြောပါတယ်။
