
၁၉. ၁၁. ၂၀၂၄
Translated by Thaettant
ယူကရိန်းဟာ ရုရှားနိုင်ငံအနောက်ဘက် Bryansk ဒေသကို အမေရိကန်လုပ် ATACMS တာဝေးပစ်ဒုံးကျည် ခြောက်စင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ရုရှားက ဒီ အင်္ဂါနေ့ (နိုဝင်ဘာ ၁၉ ရက်) မှာ အတည်ပြုပြောကြားလာပါတယ်။
ယူကရိန်းသမ္မတ ဇယ်လန်စကီးဟာ ATACMS တွေကို ရုရှားနိုင်ငံအတွင်းပိုင်းဆီ ပစ်ခတ်အသုံးပြုခွင့်ရဖို့ လအတန်ကြားတောင်းဆိုမှုကို မကြာခင်တာဝန်ပြီးဆုံးတော့မယ့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ခွင့်ပြုခဲ့ပြီးနောက်ပိုင်း ပထမဆုံးတိုက်ခိုက်ဖြစ်လာတဲ့ ဒီပစ်ခတ်မှုကို ယူကရိန်းဘက်ကတော့ ချက်ချင်းအတည်မပြုသေးပါဘူး။
ယူကရိန်းရဲ့ ပစ်ခတ်မှုနဲ့ ပတ်သက်လို့ ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ရာမှာ မနက် ၃ နာရီ ၁၅ မိနစ်မှာ ယူကရိန်းက Bryansk ဒေသမှာရှိတဲ့ လက်နက်ခဲယမ်းသိုလှောင်စက်ရုံတစ်ရုံကို ပဲ့ထိန်းဒုံးကျည်ခြောက်စင်းနဲ့ တိုက်ခိုက်ခိုက်ခဲ့ပါတယ်။ အတည်ပြုထားတဲ့ အချက်အလက်တွေအရ အမေရိကန်လုပ် ATACMS စစ်ဆင်ရေး နည်းဗျူဟာမြောက် ဒုံးကျည်တွေကို အသုံးပြုခဲ့ပါတယ်လို့ ဖော်ပြခဲ့ပါတယ်။
ရုရှားလေကြောင်းရန် ကာကွယ်ရေးတပ်တွေဟာ ယူကရိန်းဘက်ကပစ်ခတ်တဲ့ ATACMS ဒုံးကျည်ငါးစင်းကို ပစ်ချနိုင်ခဲ့ပေမဲ့ တစ်လုံးကတော့ လက်နက်ခဲယမ်းသိုလှောင်ရာ စစ်ဘက်ဆိုင်ရာ အဆောက်အအုံတစ်ခုပေါ် အပိုင်းအစတွေ ပြုတ်ကျလို့ မီးလောင်ပျက်စီးမှုတွေရှိခဲ့ပေမဲ့ ဒီမီးလောက်မှုကို အမြန်ငြှိမ်းသတ်နိုင်ခဲ့ပြီး သေဆုံးမှုမရှိခဲ့ဘူးလို့ ပြောခဲ့ပါတယ်။
ATACMS တာဝေးပစ်လက်နက်အသုံးပြုပစ်ခတ်မှုနဲ့ပတ်သက်ပြီး ယူကရိန်းအာဏာပိုင်တွေက မှတ်ချက်ပေးဖို့တောင်းဆိုမှုကို ချက်ချင်းအကြောင်းမပြန်ခဲ့ပေမဲ့ Forbes Ukraine နဲ့ RBC ယူကရိန်းတို့က အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေ ကိုးကားပြီး ယူကရိန်းဟာ ကီလိုမီတာ ၁၁၀ အကွာကနေ Bryansk ဒေသရှိ Karachev မြို့အနီးကို ATACMS သုံးပြီး ပထမဆုံးအကြိမ် တိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ ဖော်ထုတ်ရေးသားခဲ့ပါတယ်။
ဒီလိုမျိုး တာဝေးပစ်ဒုံးတွေနဲ့ တိုက်ခိုက်မှုကို အတည်ပြုပေးတဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ဟာ မဆင်မခြင်လုပ်ရပ်ဖြစ်ပြီး တုံ့ပြန်ဖို့လုပ်ဆောင်သွားမယ်လို့ ရုရှားဘက်က ပြောခဲ့ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာလည်း ဒီအင်္ဂါနေ့မှာပဲ နျူကလီးယားလက်နက်အသုံးပြုဖို့ စဉ်းစားရမဲ့ စံသတ်မှတ်ချက်ကို လျှော့ချဖို့ အတည်ပြုခဲ့သလို ဒီမူဝါဒသစ်အရ ရုရှားနိုင်ငံအပေါ် နျူကလီးယားနဲ့မဟုတ်တဲ့ သမားရိုးကျ စွမ်းအားမြှင့် တိုက်ခိုက်မှုမှန်သမျှကို ပူးတွဲတိုက်ခိုက်မှုလို့ မှတ်ယူမှာဖြစ်သလို ရုရှားနယ်စပ်ကိုဖြတ်ကျော်လာတဲ့ လေယာဉ်တွေ၊ ခရုဇ်ဒုံးကျည်တွေနဲ့ မောင်းသူမဲ့လေယာဉ်တွေနဲ့ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှုမှန်သမျှဟာ နျူကလီးယားတုံ့ပြန်မှုကို ဖြစ်ပေါ်စေနိုင်တယ်လို့လည်း ဆိုထားပါတယ်။
ဂျိုးဘိုင်ဒန်က ယူကရိန်းကို ပစ်ခတ်ခွင့်ပြုခဲ့တဲ့ ATACMS တာဝေးပစ်ဒုံးကျည်တွေဟာ ကီလိုမီတာ ၃၀၀ (မိုင် ၁၉၀) လောက်အထိ ပစ်ခတ်နိုင်တာဖြစ်ပြီး အမေရိကန်နဲ့ ယူကရိန်းစစ်ဘက်ဆိုင်ရာအရာရှိတွေကတော့ ယူကရိန်းဟာ ATACMS တွေ အသုံးပြုပစ်ခတ်ဖို့ ဘိုင်ဒန်ဆီက ခွင့်ပြုချက်ရအပြီး နှစ်ရက်အကြာမှာ ရုရှားကို ATACMS တာဝေးပစ်ဒုံးကျည်တွေနဲ့ ယူကရိန်းပစ်ခတ်ခဲ့တာမှန်ကန်တယ်လို့ The New York Times က အတည်ပြုဖော်ပြခဲ့ပါတယ်။
Ref, CNA & The New York Times
