ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးပေါ် ကုန်တင်ယာဥ်များ ပြန်လည်ပြေးဆွဲနေမှု တွေ့ရစဥ် (ဓာတ်ပုံ-ပုလဲဖြူ လူမှုကယ်ဆယ်ရေးအဖွဲ့)
၅. ၁. ၂၀၂၃
Written by Tha Doe
KKO (ခွဲထွက်)အဖွဲ့နှင့် PDF များ တိုက်ခိုက်မှုပြုနေသည့် အာရှလမ်းမကြီးကို လခရများ ပြန်လည်ထိန်းချုပ်နိုင်မှုကြောင့် ကုန်စည်နှင့် ခရီးသည်တင်ယာဥ်များ ပြန်လည်ပြေးဆွဲနိုင်ပြီဖြစ်ကြောင်း သိရသည်။
KKO နှင့် PDF များက အဆိုပါ ကော့ကရိတ်-မြဝတီအာရှလမ်းမကြီးပေါ် ကုန်သွယ်နေသည့် ကုန်တင်ယာဥ်များကို တိုက်ခိုက်လုယက်မီးရှို့ဖျက်ဆီးမှုကြောင့် ကုန်စည်စီးဆင်းမှုရပ်တန့်ခဲ့သကဲ့သို့ ထိုင်းနိုင်ငံမှ သွင်းကုန်များဝင်ရောက်ရာတွင်လည်း မြဝတီမြို့မှ ဒေါနတောင်ကြားလမ်းကို အသုံးပြုခဲ့ရပြီး အဆိုပါလမ်းပိုင်းမှာလည်း ဆိုးရွားသောအခြေအနေကြောင့် အခက်အခဲများကြုံခဲ့ရသည်။
“ဒီဇင်ဘာ ၁၆ ရက်ကတည်းက ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းက သွားမရတော့တာ။ မဖြစ်မနေ တက်ရဆင်းရသူတွေကတော့ ထော့ကိုကိုးလမ်း(ဒေသအခေါ်ဖြစ်ပြီး ထိုင်းမီဒီယာများတွင် ဒေါနတောင်ကြားလမ်းဟု ဖော်ပြ) ဘက်ကနေ သွားရတာပေါ့။ မနေ့ကတော့ တပ်မတော်စစ်ကြောင်းတွေက လမ်းပိုင်းအကုန်ရှင်းပြီး ပြန်ဖွင့်ပေးလိုက်တယ်။ ကျွန်တော်တို့ဘက်က ကုန်ကားတွေကလည်း လမ်းကြောင်းရှင်းပြီဆိုတာနဲ့ ထော့ကိုကိုးဘက်က မသွားတော့ဘဲ အာရှလမ်းအတိုင်းပဲသွားကြတာပေါ့။ ဘယ်အချိန်ထပ်ဖြစ်ဦးမလဲ မသိပေမဲ့ အခုကတော့ အေးဆေးပါ” ဟု ကုန်တင်ယာဥ်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။
ထိုသို့ လမ်းပိုင်းများပိတ်ထားမှုကြောင့် ခရီးသွားများ ယာဥ်စီးခသည်လည်း နှစ်ဆခန့်မြင့်တက်ခဲ့ပြီး လူတစ်ဦးကျပ် ၅၀၀၀၀ ခန့်ဖြင့် သွားရောက်ခဲ့ရသော်လည်း လက်ရှိတွင်မူ ပုံမှန်ယာဥ်စီးခနှုန်းဖြင့် ရန်ကုန်-မြဝတီသို့ ပြန်လည်သွားရောက်နိုင်ပြီဖြစ်ပြီး Sein Pann Express ကလည်း ရန်ကုန်-မြဝတီ အာရှလမ်းအတိုင်း ပုံမှန်ပြန်လည်ပြေးဆွဲပေးနေပြီဖြစ်ကြောင်း ယင်းတို့၏ Page တွင် အသိပေးထားသည်။




