ယူကရိန်းဘက်မှပစ်ခတ်သော ဒုံးကျည်ထိမှန်၍ ပျက်စီးနေသော မာကီရက်ဗ်ကာမြို့ရှိ ရုရှားတပ်ဖွဲ့ဝင်များ၏ အဆောက်အအုံတစ်ခုအားတွေ့ရစဉ်

၄. ၁. ၂၀၂၃

Translated by Htwe Ko Tun

ဒွန်တက်ခ်ပြည်နယ်၊ မာကီရက်ဗ်ကာမြို့တွင် တပ်ချထားသော ရုရှားတပ်ဖွဲ့ဝင်များ၏စခန်းအား ယူကရိန်းဘက်မှပစ်ခတ်သော ဒုံးကျည်ကြောင့် ဇန်နဝါရီ ၁ ရက်တွင် ရုရှားတပ်ဖွဲ့ဝင်အများအပြားကျဆုံးခဲ့ရသည့်ဖြစ်ရပ်၌ အဓိကအကြောင်းရင်းမှာ ရန်သူ ဒုံးကျည်များလက်လှမ်းမီရာ နယ်မြေအတွင်း ကိုယ်ပိုင်ဖုန်းများအသုံးပြုမှုကြောင့်ဖြစ်ကြောင်း ရုရှားတပ်ဖွဲ့များ၏ စစ်ဘက်နိုင်ငံရေးဦးစီးဌာန ပထမ ဒုတိယအကြီးအကဲဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျီ ဆက်ဗ်ရူကော့ဗ်က ဇန်နဝါရီ ၄ ရက်တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

အဆိုပါဖြစ်ရပ်၌ ရုရှားဘက်မှ ကျဆုံးရသောတပ်ဖွဲ့ဝင် ၆၃ ဦးရှိကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂ ရက်က ကြေညာခဲ့သည်။ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျီ ဆက်ဗ်ရူကော့ဗ်ကမူ ဇန်နဝါရီလ ၄ ရက်တွင် ကျဆုံးရသော ရုရှားတပ်ဖွဲ့ဝင်ဦးရေမှာ ၈၉ ဦးအထိ ရှိလာပြီဟုလည်း ထပ်မံပြောကြားခဲ့သည်။

၎င်းက ” အခုဆိုရင် ဒီလိုကြေကွဲဖွယ်ဖြစ်ရပ်ဆိုးရဲ့ အဓိကအကြောင်းရင်းကို ကျွန်တော်တို့ တွေ့နိုင်ပါပြီ။ အဲဒါက တားမြစ်ထားတာတွေကိုဆန့်ကျင်ပြီး ကိုယ်ပိုင်ဖုန်းတွေကို အများအပြား အသုံးပြုကြမှုကြောင့်ပါပဲ။ အဲဒါက ရန်သူအတွက် ကျွန်တော်တို့ တပ်ဖွဲ့ဝင်တွေရဲ့ တည်နေရာကိုသိရှိစေပြီး ကိုသြဒိနိတ်ကိုအဆုံးအဖြတ်ပေးနိုင်ပါတယ်။ ဒီမှာ ရန်သူက ဒုံးကျည်နဲ့ တိုက်ခိုက်မှုပြုလာနိုင်တာပါပဲ” ဟု ထပ်မံပြောကြားသွားခဲ့သည်။

ဆက်လက်၍ ဒုတိယဗိုလ်ချုပ်ကြီး ဆာဂျီ ဆက်ဗ်ရူကော့ဗ်က ဖြစ်ရပ်ကို စုံစမ်းစစ်ဆေးနေသည့် ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ဆက်လက်စစ်ဆေးလုပ်ဆောင်နေပြီး အနာဂတ်တွင် ဤကဲ့သို့သော ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးများ ထပ်မံမဖြစ်စေရန် လုပ်ဆောင်သွားမည်ဟုလည်း ဆိုခဲ့သည်။
Ref—-Tass.com

Leave a Reply

Your email address will not be published. Required fields are marked *