◾️ လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ အများဆုံးဖမ်းမိ

၉. ၁၀. ၂၀၂၄
Written by Nyein Kyaw
တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ခဲ့သည့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ၂၀၂၄ ဩဂုတ်လအထိ ၃၂ လအတွင်း ကျပ်ဘီလျံ ၃၀၀ ကျော်ရှိ တရားမဝင်ကုန်သွယ်မှု အမှုပေါင်း ၁၄,၆၅၉ မှုအထိ ဖမ်းဆီးရမိခဲ့ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ယနေ့ ပြုလုပ်သည့် တရားမဝင်ကုန်သွယ်မှု တိုက်ဖျက်ရေးဦးဆောင်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၄/၂၀၂၄)တွင် ပြောကြားခဲ့သည်။
တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတိုက်ဖျက်ရန် ဦးဆောင်ကော်မတီဖွဲ့စည်းပြီး လုပ်ငန်းညှိနှိုင်းအစည်းအဝေးများ ကျင်းပခဲ့သည်မှာ ၁၆ ကြိမ်ရှိပြီဖြစ်ပြီး အစည်းအဝေး ၁၅ ကြိမ်အထိ ဆုံးဖြတ်ချက် ၅၂၃ ချက်ချမှတ်ခဲ့ကာ ဖမ်းဆီးရရှိမှုများအနေဖြင့် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလမှ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအထိ ၂ နှစ်နှင့် ၈ လတာကာလအတွင်း အမှုတွဲ ၁၄,၆၅၉ မှု၊ ခန့်မှန်းတန်ဖိုး ကျပ် ၃၀၀ ဒသမ ၀၂ ဘီလျံ ဖမ်းဆီးရမိခဲ့ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ယင်းပမာဏမှာ နိုင်ငံတော်၏ကုန်သွယ်မှုကဏ္ဍဖြင့် ကြည့်လျှင် အနည်းငယ်သာရှိကြောင်း၊ ဖမ်းဆီးရရှိမှုကို ကြည့်ရမည်ဆိုပါက တရားမဝင်ကုန်သွယ်မှုများကို တိုးမြှင့်ဖမ်းဆီးရရှိနိုင်ရေး အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
၂၀၂၄ ခုနှစ်၊ ဇူလိုင်လနှင့် ဩဂုတ်လအတွင်း ဖမ်းဆီးရရှိမှုများတွင် အကောက်ခွန်ဦးစီးဌာနက အများဆုံးဖမ်းဆီးရမိခဲ့ပြီး ဖမ်းဆီးရရှိမှုအနေဖြင့် မန္တလေးတိုင်းဒေသကြီးက အများဆုံး၊ စစ်ကိုင်းတိုင်းဒေသကြီးက ဒုတိယအများဆုံးနှင့် ကချင်ပြည်နယ်က တတိယအများဆုံး ဖမ်းဆီးရမိခဲ့သည်ကို တွေ့ရှိရကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
ကုန်ပစ္စည်းအုပ်စုအလိုက် ဖမ်းဆီးရရှိမှုများကို စိစစ်ရာတွင် လိုင်စင်မဲ့မော်တော်ယာဉ်နှင့် တရားမဝင်ကုန်စည်တင်မော်တော်ယာဉ် ဖမ်းဆီးရရှိမှုများက အများဆုံးဖြစ်ပြီး ဒုတိယအများဆုံးက လုပ်ငန်းသုံးကုန်ကြမ်းများဖြစ်ကာ တတိယအများဆုံးက ရင်းနှီးမြှုပ်နှံမှုကုန်ပစ္စည်းများဖြစ်ကြောင်း SAC ဒုဥက္ကဋ္ဌက ပြောကြားသည်။
