၃၁. ၁၂. ၂၀၂၂

Written by Ye Kyaw

ယခုရက်ပိုင်းအတွင်း ဆန်အရောင်းအဝယ်အေးနေသဖြင့် ဘုရင်နောင်ဆန်ကုန်စည်ဒိုင်သို့ နယ်ဘက်မှ ဆန်ဝင်‌ရောက်မှုမှာ ယခင်ထက် ထက်ဝက်ခန့်အထိလျော့ကျနေကြောင်း ဘုရင်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အရင်ရက်က ဆန်အိတ်ရေ ရှစ်သောင်းနဲ့ ကိုးသောင်းလောက်ဝင်ရင် အခုက ဆန်အိတ်‌ရေ သုံးသောင်းနဲ့လေးသောင်းလောက်ပဲ ဝင်တယ်” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက MT News သို့ ပြောသည်။

လက်ရှိအချိန်တွင် ဘုရင့်‌နောင်ဆန်ကုန်စည်ဒိုင်အတွင်း ဆန်ဈေးနှုန်းအတက်အကျမရှိဘဲ ပုံမှန်အတိုင်းလည်ပတ်လျက်ရှိပြီး ပဲခူးတိုင်းဒေသကြီး အနောက်ဘက်နှင့် အရှေ့ဘက်မှဆန်များနှင့် ဧရာဝတီတိုင်းမှဆန်များ အဓိကဝင်ရောက်လျက်ရှိကြောင်း သိရသည်။

“ကုန်စည်ဒိုင်ဆန်ဈေးနှုန်းက လောလောဆယ် ပုံမှန်ပဲ။ ဆန်အဝင်လည်း သိပ်မများဘူး။ ဝယ်တဲ့သူလည်း သိပ်မဝယ်ဘူး ပုံမှန်လေးပဲဝယ်တယ်။ ဝင်တာကတော့ ပဲခူးတိုင်း အရှေ့၊ အနောက်ရယ်၊ ဧရာဝတီတိုင်းကနေ အရင်တိုင်းပဲဝင်တယ်။ ဒါပေမဲ့ အဝင်ကတော့ပါးသွားတယ်” ဟု ဦးသန်းဦးက ဆိုသည်။

ဒီဇင်ဘာ ၃၀ ရက်တွင် ပြည်တွင်းစားသုံးသည့် ဆန်ချောများဖြစ်သည့် ရွှေဘိုပေါ်ဆန်း တစ်အိတ်လျှင် ကျပ် ၉၉,၀၀၀ ခန့် မြောင်းမြ/ပုသိမ်ပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၅,၀၀၀ ခန့်၊ ပေါ်ဆန်းနယ်စုံ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၂,၀၀၀ ခန့်၊ ဖျာပုံပေါ်ဆန်း (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၃,၀၀၀ ခန့်၊ ကြားပျံရှယ် (ဟောင်း) တစ်အိတ်လျှင် ကျပ် ၆၉,၀၀၀ ခန့်၊ ဆန်ကြမ်းများဖြစ်သည့် ဧည့်မထ (ဟောင်း) တစ်အိတ်လျှင် ကျပ် ၄၇,၀၀၀ ခန့်၊ မြီးဒုံး (ဟောင်း) တစ်အိတ်လျှင် ၅၂,၀၀၀ ခန့်၊ ရက် (၉၀)ဆန်(ဟောင်း) တစ်အိတ်လျှင် ကျပ် ၅၁,၀၀၀ ခန့်ရှိကြောင်း ဆန်စပါးကုန်စည်ဒိုင် (ဝါးတန်း)မှ သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *