၃၀. ၁၂. ၂၀၂၂
Transated by Htwe Ko Tun

ထိုင်းနိုင်ငံ ရဲတပ်ဖွဲ့နှင့် အလုပ်သမားဝန်ကြီးဌာန အရာရှိများက ဗြိတိန်နိုင်ငံမှ လက်လီအထည်ရောင်းချသည့် ကုမ္ပဏီကြီးဖြစ်သော Tesco သို့ အထည်များပေးသွင်းခဲ့သည့် မဲဆောက်မြို့မှ အထည်ချုပ်စက်ရုံတစ်ခု၌ မြန်မာအလုပ်သမားများအနေဖြင့် မဖြစ်စလောက်လစာဖြင့် အတင်းအကြပ်စေခိုင်းခံခဲ့ရခြင်းရှိမရှိ ထိုစက်ရုံမှ အလုပ်သမားဟောင်း ၁၀၀ ကျော်ကို စစ်ဆေးမေးမြန်းလျက်ရှိကြောင်း သိရသည်။

အလုပ်သမားများအားကာကွယ်ရေးနှင့် လူမှုဖူလုံရေးဦးစီဌာနမှ တာဝန်ရှိသူများက VK အထည်ချုပ်စက်ရုံမှ အလုပ်သမားဟောင်းများကို ဒီဇင်ဘာ ၂၈ ရက်တွင် မဲဆောက်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးဌာနအဆောက်အအုံ၌ ရဲအဖွဲ့နှင့်အတူ စစ်ဆေးမေးမြန်းခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ထိုင်းနိုင်ငံ တက်ခ်ပြည်နယ်၏ နယ်စပ်မြို့ဖြစ်သော မဲဆောက်၌ ဒီဇင်ဘာ ၂၃ ရက်တွင် ရဲတပ်ဖွဲ့ ဒုတိယရဲချုပ် ရဲဗိုလ်ချုပ်ကြီး ဆူရာချာတီ ဟတ်ပန် ကိုယ်တိုင်ခေါင်းဆောင်လျက် VK အထည်ချုပ်စက်ရုံကို ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ပြီးနောက် အာဏာပိုင်များကလည်း ထိုကိစ္စနှင့်ပတ်သက်၍ အချက်အလက်များ ပိုမိုစုဆောင်းလျက်ရှိသည်။

အဆိုပါဝင်ရောက်စီးနင်းစစ်ဆေးသည့်သတင်းကို ဗြိတိန်သတင်းစာ The Guardian က ရေးသားခဲ့ကာ Tesco သို့ F&F ဂျင်းအထည်များထုတ်လုပ်တင်သွင်းနေသော ထိုစက်ရုံမှ မြန်မာအလုပ်သမားများက ၎င်းတို့အနေနှင့် အလုပ်ထဲတွင် ထောင်ချောက်ပိတ်မိသကဲ့သို့ခံနေရကြောင်း ပြောကြားခဲ့ကြသည်ဟု သတင်းတွင် ဖော်ပြခဲ့သည်။

မြန်မာအလုပ်သမားများက The Guardian သတင်းစာကို ၎င်းတို့မှာတစ်ပတ်လျှင် ၉၉ နာရီ အလုပ်ဆင်းကြရကာ တစ်ရက်လျှင် ဘတ် ၁၂၀ သာ ရရှိသောကြောင့် ဥပဒေအရ သတ်မှတ်ထားသော အလုပ်သမားတစ်ဦး၏ အနည်းဆုံး နေ့တွက်လုပ်ခ၏ သုံးပုံတစ်ပုံသာရရှိသည့် ဆိုးရွားသောအခြေအနေများနှင့် ရင်ဆိုင်နေရကြောင်းပြောခဲ့ကြသည်။

Tesco ကုမ္ပဏီအနေဖြင့် ယူနိုက်တစ်ကင်းဒမ်းတွင်လည်း ယခင် VKG အလုပ်သမားဟောင်း ၁၃၀ နှင့် ခုနှစ်နှစ်အရွယ်မိန်းကလေးတစ်ဦးတို့၏ တရားစွဲဆိုမှုကိုခံနေရသည်။ ထိုမိန်းကလေးက ၎င်း၏မိခင်မှာ F&F ဂျင်းအထည်များထုတ်လုပ်ရန် အလုပ်လုပ်နေစဉ် ၎င်းမှာစက်ရုံဝင်းအတွင်း မတရားပြုကျင့်ခံရသည်ဟုပြောခဲ့ကြောင်း The Guardian သတင်းစာက ထုတ်ဖေါ်ရေးသားခဲ့သည်။ ၎င်းတို့က Tesco ကုမ္ပဏီ အား ပေါ့ဆမှုနှင့် မတရားရယူချမ်းသာမှုတို့ဖြင့် တရားစွဲထားကြသည်။

Ref—-Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *