၂၈. ၁၂. ၂၀၂၂
Written by Min Mahar

ဗကသများအဖွဲချုပ်မှ ကျောင်းသား ၂ ဦးကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မများဖြင့် ထောင်ဒဏ် ၁၅ နှစ်စီ နှစ်ရှည်ချမှတ်လိုက်ကြောင်း ဗကသများအဖွဲချုပ်ထံမှ သိရသည်။

ဒီဇင်ဘာ ၂၆ ရက်နေ့က အမရပူရမြို့နယ် ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲချုပ်)အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး သူနာ ပြုသင်တန်းကျောင်း(မန္တလေး)မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သည့် ကိုအောင်ကျော်ခန့် ကို မန္တလေးအိုးဘိုထောင်တွင်းတရားရုံးမှ ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် သူနာပြုသင်တန်းကျောင်း(မန္တလေး)မှ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်သည့်အပြင် မန္တလေးခရိုင်ကျောင်းသားများသမဂ္ဂ(‌ဗကသများအဖွဲ့ချုပ်)၏ သတင်းနှင့်ပြန်ကြားရေးတာဝန်ကိုလည်း ဆောင်ရွက်ခဲ့ဖူးသူတစ်ဦးဖြစ်ကြောင်း သိရသည်။

အလားတူပင် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာအထူးပြုဘာသာရပ်(ဒုတိယနှစ်)နေ့သင်တန်းကျောင်းသားတစ်ဦးလည်းဖြစ်သည့်အပြင် ဒေါပုံမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)ဥက္ကဋ္ဌ ကိုဉာဏ်ဝင်းထက်ကို ယမန်နေ့ ဒီဇင်ဘာ ၂၇ ရက်တွင် ရန်ကုန်အရှေ့ပိုင်းခရိုင်တရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၁ (ဂ)နှင့် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ(၃)တိုဖြင့်ထောင်ဒဏ် ၁၅ နှစ် အမိန့်ချမှတ်ခဲ့ကြောင်း သိရသည်။

၎င်းသည် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၁ (ဂ) နှင့် ထောင်ဒဏ် ၈ နှစ်၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မ (၃)နှင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရပြီး နောက်ထပ် အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေပုဒ်မတခုကို ထပ်မံရင်ဆိုင်ရန် ကျန်ရှိနေသေးကြောင်းလည်း အမည်မဖော်လိုသူ ဗကသ ကျောင်းသားတစ်ဦးထံမှ သိရသည်။

အဆိုပါ ထောင်ဒဏ်ချမှတ်ခံရသည့် ကိုအောင်ကျော်ခန့်သည် ၂၀၂၂ခုနှစ်၊ ဇွန် ၅ ရက် ညနေပိုင်းက မန္တလေးမြို့တွင် ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရကာ ကိုဉာဏ်ဝင်းထက်ကိုမူ ယခုနှစ် ဇွန် ၃၀ ရက်နေ့က ဖမ်းဆီးခဲ့သည်။ ၎င်းတို့ ၂ ဦးသည် အဖမ်းခံရပြီးနောက် ခြောက်လအကြာတွင် ယခုကဲ့သို့ နှစ်ရှည်ထောင်ဒဏ်များချမှတ်ခံခဲ့ရကြောင်း သိရသည်။

ပြီးခဲ့သည့်အပတ်ကလည်း ဗကသအဖွဲ့ချုပ်မှ ကျောင်းသား ၃ ဦးနှင့် ကျောင်းသူ ၁ ဦးတို့ကိုလည်း နှစ်ရှည်ထောင်ဒဏ်များချမှတ်ခဲ့ကြောင်းလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *