၃. ၈. ၂၀၂၄
Written by Nyein Kyaw
ပြီးခဲ့သည့် ဩဂုတ်လ ၁ ရက်မှ ၂၃ ရက်အထိ သုံးပတ်ကျော်အတွင်း ဒေါ်လာ ၄၇ သန်းကျော်တန်ဖိုးရှိ ဆေးဝါးပစ္စည်းများ တန်ချိန် ၁၇၂၀ တင်သွင်းထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သိရသည်။
အဆိုပါကာလအတွင်း ဆေးဝါးပစ္စည်းတင်သွင်းမှုမှာ ပင်လယ်ရေကြောင်းမှ ဒေါ်လာ ၄၆ ဒသမ ၈၈၀ သန်းရှိ တန်ချိန် ၁၇၀၀ နှင့် နယ်စပ်မှ ဒေါ်လာ ဒေါ်လာ သုည ဒသမ ၂၈၆ သန်းရှိ တန်ချိန် ၂၀ တင်သွင်းထားခြင်းဖြစ်သည်။

ဆေးဝါးပစ္စည်းများကို တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဂျာမနီ၊ ဘရာဇီး၊ ဩစတြေးလျ၊ အာဂျင်တီးနား၊ ဆိုက်ပရက်စ်နိုင်ငံတို့မှ အဓိကတင်သွင်းနေခြင်းဖြစ်ပြီး နယ်စပ်မှတင်သွင်းမှုတွင် ထိုင်းနိုင်ငံမှ အဓိကတင်သွင်းနေခြင်းဖြစ်ကြောင်း သိရသည်။
စက်တင်ဘာ ၁ ရက်မှစတင်၍ ပို့ကုန်ရငွေ (Export Earning) တင်ပြနိုင်မှသာ ဆေးဝါးသွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဩဂုတ်လ ၂၈ ရက်စွဲပါ စာအမှတ်၊ ကသရ(ဦး)ပို့သွင်း ၁/၂၀၂၄-၂၀၂၅(၄၄၀၄)ဖြင့် ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း ၉ လဆက်တိုက် ဆေးဝါးများအတွက် သွင်းကုန်လိုင်စင်များ ယာယီရပ်ဆိုင်းခဲ့သဖြင့် ပြည်တွင်းဈေးကွက်၌ တချို့သောနာမည်ကြီးဆေးဝါးများ အနည်းငယ်ပြတ်လပ်မှုများ ဖြစ်ပေါ်ခဲ့ခြင်းနှင့်အတူ ဆေးဝါးအချို့လည်း ဈေးနှုန်းများမြင့်တက်ခဲ့မှုများ ဖြစ်ပေါ်ခဲ့သည်။

ယခု ၂၀၂၄ ခုနှစ် မတ်လမှစတင်ပြီး ဆေးဝါးများအတွက် သွင်းကုန်လိုင်စင် ပြန်လည်ခွင့်ပြုပေးခဲ့သလို ဗဟိုဘဏ်မှလည်း ဆေးဝါးတင်သွင်းရန်လိုအပ်သော နိုင်ငံခြားငွေများ ရောင်းချပေးမှုဖြင့် တင်သွင်းထားသည့် ဆေးဝါးများ လာမည့်လများတွင် ရောက်ရှိလာမည်ဖြစ်၍ ပြည်တွင်း၌ ဆေးဝါးများ ပုံမှန်အတိုင်း ပြန်လည်ရရှိလာမည့်အခြေအနေဖြစ်ကြောင်း မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များအသင်းမှ သိရသည်။
