၃.၉.၂၀၂၄
Written by TZ
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ တာမွေမြို့နယ်၊ ပုသိမ်ညွန့်ရပ်ကွက်၊ သတိပဌာန်လမ်းရှိ တိုက်ခန်း(၈) လွှာတွင် နေထိုင်သည့် အမျိုးသမီးငယ်တစ်ဦး ဒဏ်ရာမရှိဘဲ သေဆုံးနေခဲ့ကြောင်း သိရသည်။


အဆိုပါဖြစ်စဥ်ကို စက်တင်ဘာ ၁ ရက်ညခင်းအချိန်တွင် သက်ဆိုင်ရာမှ မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့သို့ ဖုန်းဆက်အကူအညီတောင်း အကြောင်းကြားသောကြောင့် ဖြစ်စဥ်နေရာသို့သွားရောက်ကူညီခဲ့ကြောင်း သိရသည်။
“ဒဏ်ရာမရှိဘူး။ သက်ဆိုင်ရာက ဖုန်းဆက်လို့သွားသယ်ပေးတာ။ အဲ့တိုက်မှာ သူတစ်ယောက်ထဲနေတာ။ အဲ့နေ့ကတော့ သူ့မိသားစုတွေရှိတယ်။ ဘာရောဂါနဲ့ဆုံးလဲဆိုတာတော့ မပြောတတ်ဘူး” ဟု မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက MT News သို့ ပြောသည်။

တိုက်ခန်းထဲ၌ သေဆုံးနေသည့် အသက် (၂၆) နှစ်အရွယ် မကေဇင်မြတ်မွန်၏ ရုပ်အလောင်းကို သက်ဆိုင်ရာမှ အလောင်းအားစစ်ဆေးရန်အတွက် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံရှိ ရေခဲတိုက်သို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
ဓာတ်ပုံ – မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့
