Photo - Myanmar Fire Services Department
၂၈. ၈. ၂၀၂၄
Written by TZ
အမြန်လမ်းတွင် ရှေ့မှမောင်းနှင်နေသည့် ခြောက်ဘီးယာဥ်ကို နောက်ကမောင်းနှင်လာသည့် ခြောက်ဘီးယာဥ်က ဝင်တိုက်ရာမှ ဝင်တိုက်သည့်ယာဥ်မောင်းသေဆုံးခဲ့ရမှု ယနေ့နံနက်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း မီးသတ်ဦးစီးဌာနမှ သိရသည်။

ဖြစ်စဥ်မှာ ယနေ့ ဩဂုတ် ၂၈ ရက် နံနက် ၅ နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၉၂/၀)နှင့် (၉၂/၁)ကြားတွင် နေပြည်တော်ဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော Hino Ranger အမျိုးအစားခြောက်ဘီး ကုန်တင်ယာဉ်အား လားရာတူနောက်မှ မောင်းနှင်လာသော Nissan Condor အမျိုးအစားခြောက်ဘီး ကုန်တင်ယာဉ်မှ ဝင်ရောက်တိုက်မိမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဥ်တိုက်မှုဖြစ်စဥ် သတင်းရရှိမှုအရ မြို့ချောင်းအမြန်လမ်းမီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ထွက်ခွာဆောင်ရွက်ခဲ့ရာ ယာဉ်တိုက်မှုကြောင့် Nissan Condor ယာဉ်ပေါ်ပါ ယာဉ်မောင်းအမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး ယာဉ်နောက်လိုက် အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသည်ကို တွေ့ရှိခဲ့သည်ဟု သိရသည်။

“ဂေါ်ဖီကားကို ခရမ်းချဥ်သီးကားက ကျော်တက်တာ။ ခရမ်းချဥ်သီးကားကိုမောင်းတဲ့ ကားမောင်းသူတစ်ဦးသေတယ်။ အဲ့ဒီကားရဲ့ ကားစပယ်ယာ အမျိုးသားက နံရိုးကျိုးတယ်” ဟု အမြန်လမ်းမီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးက MT News ၏ မေးမြန်းမှုကို ဖြေကြားသည်။
ယာဥ်တိုက်မှုကြောင့် သေဆုံးသည့် ယာဥ်မောင်းနှင့် နံရိုးကျိုးသည့် အမျိုးသားတို့ကို မြို့ချောင်းတိုက်နယ်ဆေးရုံသို့ ပို့ဆောင်ခဲ့ပြီး ထိုဆေးရုံမှတစ်ဆင့် အဝါရောင်အဆင့်ရှိသည့် နံရိုးကျိုးသည့် စပယ်ယာအမျိုးသားကို ပဲခူးပြည်သူ့ဆေးရုံသို့ ပို့ဆောင်လိုက်ကြောင်း သိရသည်။
