November 13, 2024

၂၄.၈.၂၀၂၄
Written by Hey Mar

စစ်တောင်းမြစ်ရေဟာ တောင်ငူမြို့နယ်မှာ ယင်းမြို့ရဲ့ စိုးရိမ်ရေမှတ်ကို ရောက်ရှိဖို့ တစ်ပေခန့်သာလိုတော့ပြီး နောက် နှစ်ရက်အတွင်း စိုးရိမ်ရေမှတ်ကို ရောက်ရှိနိုင်လို့ မြစ်ကမ်းတစ်လျှောက် အနိမ့်ပိုင်းဒေသ နေထိုင်သူတွေ အထူးသတိပြု နေထိုင်ကြဖို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ဒီနေ့ ဩဂုတ် ၂၄ ရက် နေ့လယ် ၂နာရီမှာ ထုတ်ပြန်ကြေညာပါတယ်။

တောင်ငူခရိုင်က မြစ်ရေအသုံးချဆည်တွေ ဝိုင်းရံနေပြီး စစ်တောင်းမြစ်ရဲ့ အထက်မှာ ပေါင်းလောင်းဆည်ရှိသလို သူ့အောက်ဘက်မှာက ဆည်ကြီးတွေဖြစ်တဲ့ ပသိဆည်နဲ့ သောက်ရေခတ်ဆည်တွေရှိပါတယ်။ တောင်ငူမြို့နယ်မှာ ပသိဆည်၊ ကမ်းနီရေလွှဲဆည်၊ ပန်းပဲရေတံခါး၊ အရှေ့ဆင်တမံ၊ အနောက်ဆင်တမံ၊ မိုးကောင်း၊ ကမ်းနီတာတမံ၊ သဖန်းပင်တာတမံ၊ ကံရိုးဇီးဖြူပင်ရေတာတမံ စတဲ့ဆည်တွေရှိနေပြီး ဆည်ရေ အခြေအနေတွေကို ထုတ်ပြန်‌‌ကြေညာတာမျိုးတော့ မရှိသေးဘူးလို့ ဒေသခံလူမှုကူညီ‌ရေးအသင်း‌တွေဆီကနေ စုံစမ်းသိရပါတယ်။

တောင်ငူရေဘေး အကူအညီ‌ပေး‌နေတဲ့ Save The Tree Rescue မှ တာဝန်ရှိသူက “မြစ်ကြီးပေါက်၊ အလယ်ကျွန်း၊ အုတ်စီတန်း အဲဒီဘက်တွေ ရေတက်နေတယ်။ ပြီးခဲ့တဲ့ ၁၅ ရက်နေ့ကမှ အဲ့ဒီဘက် ရေဘေးက ပြန်လာတာ။ အခု ရေထပ်တိုးနေလို့ သေချာ ပြင်ဆင်နေကြတယ်။ ရေဘေးဒဏ် ရက်ရှည်လာတော့ အဓိက လိုအပ်တာက သောက်ရေ‌ပေါ့။ ပြီးရင်တော့ ဆန်၊ ဆီ၊ ဆေးဝါးတွေလည်း လိုအပ်တယ်။ အခုက ပဲခူးတိုင်းတစ်ခုလုံးက ရေဘေးကခံစားနေရတယ် “လို့ MT News ကို ပြောပါတယ်။

ပဲခူးတိုင်း စစ်တောင်းမြစ်ဝှမ်းဒေသတစ်ဝိုက်မှာ နေရာကွက်မိုးကြီးခဲ့ပြီး ၂၄ နာရီအတွင်း မိုးရွာသွန်းမှုတိုင်းတာရရှိချက်ကို မိုးဇလက ထုတ်ပြန်‌ကြေညာရာမှာ ရွှေကျင် မြို့မှာ ၂ ဒသမ ၁၃ လက်မနဲ့ မဒေါက်မြို့မှာ ၃ ဒသမ ၀၇ လက်မ ရွာသွန်းခဲ့ကာ မိုးတိမ်တောင်တွေလည်း ဖြစ်ထွန်းလျှက်ရှိနေတယ်လို့ သိရပါတယ်။ လက်ရှိ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ ယင်းမြို့စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာမှာ ၅၇၀ စင်တီမီတာကို ရောက်ရှိနေပြီး နောက် နှစ်ရက်အတွင်း ၅၈၀ စင်တီမီတာကို ရောက်ရှိနိုင်တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *