၁၉.၈. ၂၀၂၄
Written by Shwe Phyo
ထိုင်းနိုင်ငံ၊ ဖူးခက်မြို့ရှိ ကာသူရဲစန်းမှတာဝန်ရှိသူများသည် ယနေ့ သြဂုတ် ၁၉ ရက် နံနက်ပိုင်းက အသက် ၁၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးငယ်တစ်ဦး သေဆုံးစေခဲ့သော ပစ်ခတ်မှုနှင့်ပတ်သက်ပြီး ကျူးလွန်ခဲ့သော ထိုင်းနိုင်ငံသားကို ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ဖူးခက်မြို့ ပရာဖူခက်ကီအို လမ်းမပေါ်တွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ကျူးလွန်သူသည် ဆိုင်ကယ်ကို စီးနင်းလာကာ မြန်မာအမျိုးသမီးငယ် လိုက်ပါလာသော ပစ်ကပ်ကားကို ပစ်ခတ်ခဲ့ရာမှ ကားသမားဖြစ်သူ ထိုင်းနိုင်ငံသား ကီတီပေါင်ကို မထိမှန်ဘဲ ကားမောင်းသမားဘေးတွင်ထိုင်နေသည့် မြန်မာအမျိုးသမီးငယ်ကို ထိမှန်ခဲ့ခြင်းဖြစ်သည်။ ထိုင်းရဲတပ်ဖွဲ့သည် အဆိုပါပစ်ခတ်မှုကို စုံစမ်းစစ်ဆေးချိန်အတွင်း အသက် ၁၉ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသား ဒါနုဆွမ် ဆိုသူကို ၎င်းငှားရမ်းနေထိုင်နေသည့် ဖူးခက်မြို့ ဆွိုင်တွန်ဖိုအရပ်ဒေသမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ပစ်ခတ်မှုကျူးလွန်ခဲ့သူ ဒါနုဆွမ်က ၎င်းနှင့် ထိုင်းကားသမား ကီတီပေါင်တို့သည် လမ်းမပေါ်တွင် မောင်းနှင်နေချိန်အတွင်း တိုက်မိမလိုဖြစ်ခဲ့သည့်အတွက် စကားများရန်ဖြစ်ရာမှ မကျေနပ်၍ ဆိုင်ကယ်ဖြင့် ကီတီပေါင် မောင်းနှင်လာသော အဖြူရောင် ပစ်ကပ်ကားနောက်ကို လိုက်ကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဝန်ခံပြောဆိုထားသည်။

ပစ်ကပ်ကားအဖြူရောင်ပေါ်တွင် ကားသမား ကီတီပေါင်၊ အသက် ၁၅ နှစ်အရွယ်ရှိ မြန်မာအမျိုးသမီးငယ်နှင့် ၎င်း၏သူငယ်ချင်းများ လိုက်ပါစီးနင်းလာပြီး ဖူးခက်မြို့ကို အလည်ထွက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ကျူးလွန်သူ ဒါနုဆွမ်က ပစ်ခတ်မှုကျူးလွန်ရာတွင် အသုံးပြုခဲ့သောသေနတ်ကို ခေါခတ်ဗျူးပွိုင့် အရပ်ဒေသရှိ ပင်လယ်ထဲသို့ လွှင့်ပစ်ခဲ့ကြောင်း ဝန်ခံပြောဆိုထားသည်။
REF khaosodenglish
