◾ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း လေးနိုင်ငံပူးပေါင်း၍ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုများ တိုက်ဖျက်ရေး ပူးတွဲဆောင်ရွက်ရန် သဘောတူ
၁၉. ၈. ၂၀၂၄
Written by Thettant

တရုတ်၊ လာအို၊ မြန်မာနဲ့ ထိုင်း စတဲ့နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ ပူးပေါင်းပြီး သတင်းအချက်အလက်ဆွေးနွေးဖလှယ်ခြင်းအစည်းအဝေးကို ဩဂုတ် ၁၆ ရက်က ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့ကာ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ တရုတ်အစိုးရပိုင် Xinhua သတင်းဌာနက ဖော်ပြထားပါတယ်။
အဆိုပါဆွေးနွေးပွဲမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက လုံခြုံရေးဟာ နိုင်ငံအားလုံး ဖွံ့ဖြိုးတိုးတက်မှုအတွက် မရှိမဖြစ် လိုအပ်ချက်နဲ့ အခြေခံအုတ်မြစ်ဖြစ်သလို လက်ရှိမှာ ဒေသတွင်း လုံခြုံရေးအခြေအနေက ရှုပ်ထွေးတဲ့ အပြောင်းအလဲတွေ အွန်လိုင်းလောင်းကစားနဲ့ ဆက်သွယ်ရေးလိမ်လည်မှု စတဲ့ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ ဆက်လက်ရှိနေဆဲဖြစ်သလို ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် ထိခိုက်နေဆဲဖြစ်ပြီး လူမှုတည်ငြိမ်ရေးနဲ့ နိုင်ငံ့ပုံရိပ်ကို ထိခိုက်လျက်ရှိတယ်လို့ ပြောခဲ့ပါတယ်။
ဒါကြောင့် ဒေသတွင်း နိုင်ငံတွေက ရာဇဝတ်မှု တိုက်ဖျက်ရေး ပူးတွဲအားထုတ်ဆောင်ရွက်ကြခြင်းနဲ့ပဲ မှုခင်းဖြစ်ပွားမှုမြင့်မားနေတာကို ထိထိရောက်ရောက်မြေလှန်ပစ်နိုင်မယ်လို့လည်း ဝမ်ယိက ပြောပါတယ်။
ဒီ့အတွက် တရုတ်နိုင်ငံက အဆိုပြုထားတဲ့ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအဆိုပြုချက်ကို လာအို၊ မြန်မာနဲ့ ထိုင်း နိုင်ငံတွေက အပြုသဘော တုံ့ပြန်မှုတွေ ရရှိထားပြီးဖြစ်တယ်လို့လည်း ဝမ်ယိက ပြောခဲ့ပါတယ်။ ဒါ့အပြင် အချုပ်အခြာအာဏာဆိုင်ရာ အပြန်အလှန်လေးစားမှုပေါ် အခြေခံပြီး လေးနိုင်ငံ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များစွာကို ဆောင်ရွက်လျက်ရှိရာမှာ ယမန်နှစ်အတွင်း အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှုမှာ ပါဝင်သူ ၅၀,၀၀၀ ကျော်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း ဝမ်ယိက ဖြည့်စွက်ပြောခဲ့ပါတယ်။
လာမယ့်ကာလတွေမှာ တရုတ်နိုင်ငံဟာ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးအဆိုပြုချက်ကို လမ်းညွှန်အဖြစ်ထားရှိပြီး တရုတ်နိုင်ငံက အခြားသောနိုင်ငံတွေနဲ့အတူ နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှုတွေ နှိမ်နင်းရေးနဲ့ ပူးပေါင်းဆောင်ရွက်တဲ့နိုင်ငံတွေရဲ့ အမိမြေ ငြိမ်းချမ်းရေးကို ထိန်းသိမ်းစောင့်ရှောက်ရေး ပူးတွဲကြိုးပမ်းဆောင်ရွက်ဖို့ အတူတကွလုပ်ဆောင်လိုနေတယ်လို့လည်း Xinhua သတင်းဌာနက ဖော်ပြထားပါတယ်။
Ref, Xinhua
