October 23, 2024

၁၃. ၈. ၂၀၂၄
Written by Nay Moe

တအာန်းလက်နက်ကိုင် TNLA နယ်မြေလု တိုက်ခိုက်သိမ်းယူထားသည့် ရှမ်းပြည်နယ် နမ့်ဆန်မြို့ ယမန်နေ့ သြဂုတ်လ ၁၂ ရက်နေ့ ညသန်းခေါင် ဩဂုတ် ၁၃ ရက်မကူးမီ အချိန်တွင် လေကြောင်းသုံး ဗုံးကြဲတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံးကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု TNLA ထုတ်ပြန်မှုအရ သိရသည်။

နမ့်ဆန်မြို့ကို လေကြောင်းတိုက်ခိုက်မှုအား ဩဂုတ် ၁၂ ရက်ည ၁၁ နာရီ ၃၁ မိနစ်၊ ၁၁ နာရီ ၄၅ မိနစ်နှင့် ၁၁ နာရီ ၅၁ မိနစ်တို့တွင် စုစုပေါင်း(၃)ကြိမ်လာရောက်ပြီး ဗုံး(၆)လုံးကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် နမ့်ဆန်မြို့၊ မြို့လယ်ရပ်ကွက်ရှိ EPC ရုံးအတွင်းသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုရုံးဝန်းရှိ TNLA ခန့်အပ်ထားသူ အသက်(၃၀)အရွယ် လူ(၁)ဦး သေဆုံးသွားကာ (၁)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ထို့အပြင် EPC ရုံးဝန်းအတွင်းရှိ ထရန်စဖော်မာ စက်များထိခိုက်ပျက်စီးသွားပြီး ထိုအနီးဝန်းကျင်ရှိ အဆောက်အဦများလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့အတူ သြဂုတ်လ (၆) ရက်နေ့ကလည်း PSLF/TNLA တိုက်ခိုက်သိမ်းယူထားသည့် ကွတ်ခိုင်မြို့ လေကြောင်းဗုံးကြဲတိုက်ခိုက်ခံရ၍ (၆)ဦး သေဆုံးကာ၊ (၁၀)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် လူနေအိမ်နှင့် ဆိုင်ခန်းပေါင်း (၄၀၀)ကျော်လည်း မီးလောင်ပျက်စီးခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *