October 23, 2024

၁၃. ၈. ၂၀၂၄
Written by Thettant

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး Ms. Ma Jia (မစ္စမာကျား) သည် ၂၀၂၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် စတင်တာဝန်ထမ်းဆောင်ရန် ရန်ကုန်မြို့သို့ရောက်ရှိလာခဲ့ပြီဖြစ်သည်။

သံအမတ်ကြီးမစ္စမာကျား ရောက်ရှိချိန်တွင် မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန မဟာဗျူဟာလေ့လာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာနနှင့် သံတမန်ရေးရာဦးစီးဌာနမှ တာဝန်ရှိအရာရှိများနှင့် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ အဓိကသံတမန်အရာရှိများက လေဆိပ်တွင်ကြိုဆိုခဲ့ကြပြီး မစ္စမာကျားသည် ၂၀ ယောက်မြောက် မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ဖြစ်သည်။

မစ္စ မာကျားသည် ၁၉၆၇ ခုနှစ် နိုဝင်ဘာလတွင် တရုတ်နိုင်ငံ ယုံးဂျီမြို့ ရှန်ရှီးပြည်နယ်တွင် မွေးဖွားခဲ့ပြီး တက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်သည်။ သူမသည် ၁၉၉၁ ခုနှစ်မှစတင်၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနတွင် စတင်ထမ်းဆောင်ခဲ့ပြီး ဌာနချုပ်နှင့် ပြည်ပရှိတရုတ်သံရုံးများတွင် ရာထူးအဆင့်ဆင့်ဖြင့် တာဝန်များထမ်းဆောင်ခဲ့သည်ဟု သိရသည်။

မစ္စ မာကျားသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဦးစီးဌာနတွင် သံအရာရှိနှင့် တတိယ အတွင်းဝန်အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိလည်းကောင်း၊ တတိယအတွင်းဝန်နှင့် ဒုတိယအတွင်းဝန်အဖြစ် ၁၉၉၈ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိလည်းကောင်း၊ ဒုတိယညွှန်ကြားရေးမှူးအဖြစ် ၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်အထိလည်းကောင်း အသီးသီး တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်ပတာဝန်ထမ်းဆောင်မှုများအဖြစ် ၁၉၉၅ ခုနှစ်မှ ၁၉၉၈ ခုနှစ်အထိ ရန်ကုန်မြို့ အခြေစိုက်တရုတ်သံရုံးတွင် တတိယအတွင်းဝန်အဖြစ် လည်းကောင်း၊ ၂၀၀၁ ခုနှစ်တွင် ပါကစ္စတန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ ဂျပန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၀၃ ခုနှစ်မှ ၂၀၀၅ ခုနှစ်အထိ စင်ကာပူနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် ပထမအတွင်းဝန်အဖြစ်လည်းကောင်း၊ ၂၀၁၀ ပြည့်နှစ်မှ ၂၀၁၃ ခုနှစ်အထိ ဗြိတိန်နိုင်ငံနှင့် မြောက်အိုင်ယာလန်နိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးအဖြစ်လည်းကောင်း၊ ၂၀၁၃ ခုနှစ်မှ ၂၀၁၈ ခုနှစ်အထိ မလေးရှားနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးနှင့် သံမှူးကြီးအဖြစ်လည်းကောင်း အသီးသီးတာဝန် ထမ်းဆောင်ခဲ့သည်ဟု သိရသည်။

ထို့ပြင် မစ္စ မာကျားသည် ၂၀၁၈ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် စန်းရှမြို့တွင် ဒုတိယမြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှ ဩဂုတ် ၁၁ ရက်အထိ အိန္ဒိယနိုင်ငံအခြေစိုက် တရုတ်သံရုံးတွင် သံမှူးကြီးနှင့် သံအမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်ဟုလည်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *