နိဂြောဓလမ်းပွဲစျေးဗုံးပေါက်မှုမြင်ကွင်းနှင့် ထိခိုက်သူများ တွေ့ရစဥ် (Photo- CJ)
MT News
Written by Nay Moe
တာမွေ ကျောက်မြောင်း ကျားကွက်သစ်ရပ်ကွက်တွင် ကျင်းပနေသော နှစ်ကျိပ်ရှစ်ဆူဘုရားပွဲစျေးတွင် ဒီဇင်ဘာ ၂၃ ရက် ည ၉ နာရီခန့်က ဗုံးပေါက်ကွဲခဲ့ပြီး တောင်းရမ်းစားသောက်သူအမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦး ထိခိုက်ခဲ့သည်ဟု ကနဦးသတင်းများအရ သိရသည်။
“နှစ်ကျိပ်ရှစ်ဆူဘုရားပွဲက ကျောက်မြောင်း၊ ကျားကွက်သစ်ထဲမှာ ဒီဇင်ဘာ ၁၉ ရက်ကတည်းက လုပ်နေတာ။ မနေ့က မီဒီယာတချို့က ကျားကွက်သစ်ပွဲစျေးမှာ စည်ကားနေတယ်လို့ ပုံတွေနဲ့ တင်ကြတော့ မန့်တာတွေဖတ်ပြီး တစ်ခုခုဖြစ်တော့မယ်ထင်နေတာ။ ဒီည ဗုံးကွဲတာပဲ။ အခုတော့ ရပ်ကွက်ထဲရော လမ်းထဲရောပွက်လောရိုက်နေတယ်။ ဘယ်သူမှလည်း အပြင်မထွက်ရဲဘူး။ ထိသွားတာကလည်း ပိုက်ဆံတောင်းတဲ့ သားအမိလို့ပြောတယ်” ဟု ဘယသုဒ္ဓိလမ်းတွင် နေထိုင်သူတစ်ဦးက MT News သို့ ပြောသည်။
အဆိုပါ ဗုံးခွဲခံရမှုကြောင့် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးထိခိုက်ခဲ့ပြီး လက်ရှိတွင် လူနာတင်ယာဥ်များဖြင့် ဆေးရုံသို့ ခေါ်ဆောင်သွားကာ ပွဲစျေးအနီးရှိ တာမွေမြို့မရဲစခန်းမှ တာဝန်ရှိသူများကလည်း လာရောက်စစ်ဆေးနေသည်ဟု ဆိုသည်။
SAC လက်ထက် ပျော်ပွဲရွှင်ပွဲ ဘုရားပွဲများတွင် ပါဝင်ဆင်နွှဲပါက ဗုံးခွဲတိုက်ခိုက်ခံရမည်ဟု PDF များက မကြာခဏသတိပေးထားပြီး သွားရောက်သူပြည်သူများကိုလည်း မကြာခဏဗုံးခွဲတိုက်ခိုက်သဖြင့် ပြည်သူများသေဆုံးရမှုလည်း ဖြစ်ပေါ်နေသည်။





