October 22, 2024

၂၀.၆.၂၀၂၄
Translated by Htwe Ko Tun

အိန္ဒိယနိုင်ငံ၊တမီးလ်နာဒူးပြည်နယ်၏ ကာလာကူရီချီခရိုင်၊ ကာရူနာပူရမ်မြို့၌ ဇွန်လ ၁၈ ရက်က ဥပဒေနှင့်မညီချက်လုပ်ထားသော ချက်အရက်များကို သောက်သုံးကြရာမှ သေဆုံးသူအရေအတွက်မှာ အနည်းဆုံး ၃၄ ဦး အထိရှိသွားခဲ့ပြီဖြစ် ကြောင်းနှင့် အခြား ၈၀ ဦးကျော်ကိုလည်း ဆေးရုံများသို့ တင်ပို့ထားရကြောင်း တာဝန်ရှိသူများက ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် ပြောကြားခဲ့ကြသည်။ ၎င်းတို့က ထိုဖြစ်ရပ်တွင် သေဆုံးသူဦးရေမှာ ထပ်မံမြင့်တက်လာနိုင်သေးကြောင်းလည်း ပြောခဲ့ကြ သည်။

ချက်အရက်များသောက်သုံးပြီးနောက်တွင် ကျန်းမာရေးအခြေအနေဆိုးဝါးနေသော လူနာများကို ဆာလမ်၊ တီရူဗန်နာမာလေနှင့် ပူဒူချာရီ စသော မြို့ကြီးများ၏ဆေးရုံများသို့ တင်ပို့ထားရကြောင်း သိရသည်။

တမီလ်နာဒူးပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အမ်ကေစတာလင်က ထိုသေဆုံးမှုများအတွက် ၎င်းအနေဖြင့် အလွန်တုန်လှုပ်မိပါကြောင်းနှင့် ထိုကဲ့သို့ ဥပဒေနှင့်မညီသည့် ချက်အရက်များ ထုတ်လုပ်ရောင်းချမှုတွင် ပါဝင်ပတ်သက်သူများကို ဖမ်းဆီးထားပြီးဖြစ်ကြောင်း၊ ဤကဲ့သို့လုပ်ရပ်ကို တားဆီးရန်ပျက်ကွက်သည့်တာဝန်ရှိသူများကိုလည်း အရေးယူသွားမည်ဖြစ် ကြောင်း၊ ဤကဲ့သို့ ရာဇဝတ်မှုများတွင် ပါဝင်ပတ်သက်သူများအား ပြည်သူကအကြောင်းကြားလာလျှင် ချက်ချင်းအရေးယူ သွားမည်ဖြစ်ကြောင်း၊ လူ့အဖွဲ့အစည်းအားဖျက်ဆီးသည့် ဤရာဇဝတ်မှုမျိုးကို ပြတ်ပြတ်သားသား နှိမ်နင်းသွားမည်ဖြစ်ကြောင်း ပြောခဲ့သည်။

အသက် ၄၉ နှစ်ရှိ ကေကန်နျူကွတ်တီ ဆိုသူထံမှလည်း တရားမဝင်ချက်အရက် လီတာ ၂၀၀ ခန့် သိမ်းဆည်းမိပြီးနောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။ ထိုချက်အရက်များတွင် လူသားတို့အတွက် အသက်အန္တရာယ်ရှိသော မက်သနော ပါဝင်နေ သည်ကို တွေ့ခဲ့ကြရသည်။ ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် အမ်ကေစတာလင်က ထိုအမှုအား ပြည့်စုံစွာစုံစမ်းစစ်ဆေးရန်လည်း ညွှန်ကြားခဲ့ပြီး ကာလာကူရီချီခရိုင် ရဲတပ်ဖွဲ့ဝင် ၁၀ ဦးကိုလည်း တာဝန်မှရပ်ဆိုင်းခဲ့သည်။

ကာရူနာပူရမ်မြို့ နေထိုင်သူများကမူ ချက်အရက်သောက်၍ သေဆုံးသူအရေအတွက်မှာ တာဝန်ရှိသူများပြောကြားသည်ထက် အမှန်တကယ်တွင် ပို၍များပြားလိမ့်မည်ဖြစ်ကြောင်း၊ အချို့သေဆုံးသူများဆိုလျှင် ကုသခံရန် ဆေးရုံသို့ မတင်ပို့ခဲ့သည့်အတွက် စာရင်းတွင်မပါဝင်ဘဲဖြစ်နေကြောင်း ပြောခဲ့ကြသည်။

Ref- The Hindu

Leave a Reply

Your email address will not be published. Required fields are marked *