September 14, 2024

၅ .၆. ၂၀၂၄
Writer and photo by Hey Mar

တပ်မ​တော်ကာကွယ်ရေးဦးစီးချုပ်ဟောင်းနဲ့ NLD ပါတီရဲ့ နာယက သူရဦးတင်ဦးရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ကြမယ့် ရပ်နီးရပ်ဝေး မိတ်ဆွေ တပည့်သားချင်းတွေ ဒီနေ့ ဇွန်လ ၅ ရက်မှာ ရွှေတောင်ကြား (၂) ရပ်ကွက်၊ အောင်ဗောဓိရိပ်သာလမ်း၊ ခြံအမှတ် (၃၀) နေအိမ်မှာ ရောက်ရှိနေကြပြီ ဖြစ်ပါတယ်။

ဘုရားအမှူးရှိတဲ့ ပင့်သံဃာတော်အရှင်သူမြတ်တို့ကို ဆွမ်း၊ သင်္ကန်းစတဲ့ ဒါတဗ္ဗဝတ္ထုအစုစုတို့နဲ့ နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကာ ရုပ်အလောင်းကို နေအိမ်ကနေ ရေဝေးသုသာန်ဆီ နေ့လယ် ၁ နာရီမှာ ထွက်ခွာပို့ဆောင်မှာပါ။

“ဘဘသေဆုံးခြင်းက ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အတွက်ရော၊ လွတ်လပ်မှုကို လိုလားတဲ့ မြန်မာပြည်သူတွေအတွက်ရော ကြီးမားတဲ့ဆုံးရှုံးမှု ဖြစ်ပါတယ်။ ဒါပေမဲ့မြန်မာပြည်သူများဟာ ဘယ်လိုဆုံးရှုံးမှုကိုပဲဖြစ်ဖြစ် အောင်မြင်စွာ ကျော်လွှားနိုင်ကြပါတယ်။ ကိုယ့်ရှေ့က စံပြသွားတဲ့ ဘဘဦးတင်ဦးတို့ ဖော်ဆောင်ခဲ့တဲ့လမ်းကို အောင်မြင်အောင် ဆက်လက်ဆောက်ရွက်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ NLDပါတီရဲ့ CEC အဖွဲ့ဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အမှတ်တရစကားအဖြစ် MT News ကို ပြောပါတယ်။

သူရဦးတင်ဦးဟာ ၁၉၂၇ ခုနှစ် မတ်လ ၁၂ ရက်နေ့မှာ မွေးဖွားခဲ့ပြီး သူကွယ်လွန်ချိန်မှာ အသက် ၉၈ နှစ်ရှိပြီဖြစ်ပါတယ်။ ဒီနေ့ ညနေ ၄ နာရီမှာတော့ ဦးတင်ဦးရဲ့ ရုပ်အလောင်းကို ရေဝေးသုသာန်မှာ ဂူသွင်းမြှပ်နှံသွားမှာဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *