◾️ MSME လုပ်ငန်းများကို ကျပ် ၁၀ သန်းမှ ကျပ်သန်း ၁၀၀ အထိ ထုတ်ချေးရန် သတ်မှတ်ထား
၂၉. ၅. ၂၀၂၄
Written by Nyein Kyaw
အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (SME) ဥပဒေကို အသေးစား၊ အငယ်စားနှင့် အလတ် စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး (MSME) ဥပဒေအဖြစ် ခေတ်နှင့်လျော်ညီအောင် ပြင်ဆင်ဖြည့်စွက်ပြဋ္ဌာန်းနိုင်ရန်အတွက် ဥပဒေမူကြမ်းရေးဆွဲရေးအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်လျက်ပြီး ယခုနှစ်မကုန်မီ အတည်ပြုထုတ်ပြန်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရင်မောင်ညွှန့်က မေလ ၂၈ ရက်တွင် ပြုလုပ်သည့် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSME)လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ၏ လုပ်ငန်းညှိနှိုင်းအစည်း အဝေးတွင် ပြောကြားခဲ့သည်။
လက်ရှိတွင် MSME လုပ်ငန်းရှင်များကို ချေးငွေများထုတ်ချေးရာတွင် ချေးငွေဆိုင်ရာ စံသတ်မှတ်ချက်များ၊ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျစိစစ်ရွေးချယ်ပြီး ထုတ်ချေးပေးနိုင်ရေးအတွက် ချေးငွေစိစစ်ရေးအဖွဲ့များကို ဒေသဆိုင်ရာအေဂျင်စီများ၏ ကြီးကြပ်မှုအောက်တွင် ဖွဲ့စည်းပေးထားပြီးဖြစ်ကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
ထုတ်ချေးပေးမည့် ချေးငွေပမာဏသတ်မှတ်ချက်အနေဖြင့် အသေးစားလုပ်ငန်းများအတွက် ကျပ် ၁၀ သန်း၊ အငယ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၅၀ နှင့် အလတ်စားလုပ်ငန်းများအတွက် ကျပ်သန်း ၁၀၀ ထုတ်ချေးပေးရန် သတ်မှတ်ထားပြီးဖြစ်ကြောင်း၊ ၂၀၂၄ ခုနှစ် မေ ၁၇ ရက်အထိ MSME ချေးငွေလျှောက်ထားသူ ၁၇၅ ဦးရှိသဖြင့် ချေးငွေများ အမြန်ဆုံးထုတ်ချေးပေးနိုင်ရေးအတွက် လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း ဒုဝန်ကြီးက ပြောကြားသည်။
MSME ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအလိုက် ရှေ့ဆက်လက်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် စနစ်တကျအကောင်အထည်ဖော်ရန် လိုအပ်သလို ဒေသဆိုင်ရာ MSME အေဂျင်စီများအချင်းချင်း ချိတ်ဆက်ပူးပေါင်း ဆောင်ရွက်သွားကြရန် ဒုဝန်ကြီးက ပြောကြားသည်။
