◼️ ဝန်ကြီးချုပ်နေရာ အစားထိုးတာဝန်ယူရန် အဆင်သင့်မဖြစ်သေးကြောင်း သက်ဆင်၏သမီးပေတုံတန် ပြော

၂၅.၅.၂၀၂၄
Translated by Htwe Ko Tun

ထိုင်းနိုင်ငံ၏ဝန်ကြီးချုပ် ဆရက်သာအနေဖြင့် ထောင်ဒဏ်ကျခံခဲ့ဖူးသည့် ပီချစ်ချွန်ဘန်အား ဝန်ကြီးချုပ် ရုံးဝန်ကြီးအဖြစ်ခန့်ထားခဲ့မှုအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီသောကြောင့် ၎င်းအားဝန်ကြီးချုပ် ရာထူးမှဖယ်ရှားရန် အထက်လွှတ် တော်အမတ် ၄၀ ၏တောင်းဆိုလျှောက်ထားလွှာကို ဖွဲ့စည်းခုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးက မေလ ၂၄ ရက်တွင် လက်ခံရရှိခဲ့ကြောင်း သိရသည်။

ခုံရုံးတရားသူကြီးများကလည်း ဝန်ကြီးချုပ်ဆရက်သာအား ထိုကိစ္စအပေါ် ၁၅ ရက်အတွင်း ဖြေရှင်းချက်ပေးရန် ပြောကြားထားကြသည်။ သို့သော် ခုံရုံးက ဆရက်သာအား ဝန်ကြီးချုပ်အဖြစ်မှ ဆိုင်းငံ့ထားသည်ဟု အမိန့်ချမှတ်ခြင်းကိုမူ ပြုလုပ်ထားခြင်းမရှိသေးပေ။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်လက်ထက်က သက်ဆင်၏ ရှေ့နေလည်းဖြစ်ခဲ့ပြီး လက်ရှိဝန်ကြီးချုပ်ဆရက်သာ၏ အကြံပေး ပုဂ္ဂိုလ်လည်းဖြစ်သော ပီချစ်အား ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်ခန့်အပ်ခဲ့မှုမှစ၍ အငြင်းပွားမှု ပြဿနာများပေါ်ပေါက်ခဲ့ရသည်။ ၎င်းက သက်ဆင်ကိုယ်စားဆောင်ရွက်ခဲ့သော မြေအရောင်းအဝယ်မှုတစ်ရပ်၌ လာဘ်စားရန်အားထုတ်မှုဖြင့် စွပ်စွဲခံနေရစဉ် တရားရုံးကို မထီမဲ့မြင်ပြုလုပ်ခဲ့မှုဖြင့် ၂၀၀၈ ခုနှစ်၊ ဇွန်လ ၂၅ ရက်က ၎င်းနှင့် အပေါင်းပါနှစ်ဦးကို တရားရုံးချုပ်က ထောင်ဒဏ်ခြောက်လ ချမှတ်ခဲ့သည်။

ထိုသို့ထောင်ဒဏ်ကျခံခဲ့ရဖူးသူအား အစိုးရဝန်ကြီးအဖြစ် ခန့်အပ်မှုအတွက် ဆရက်သာအား ဝန်ကြီးချုပ်ရာထူးမှဖယ်ရှားပေးရန်လည်း အထက်လွှတ်တော်အမတ် ၄၀ က ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးသို့ တောင်းဆိုလျှောက်ထားခဲ့ကြခြင်းဖြစ် သည်။

ထိုသို့ဝန်ကြီးချုပ်၏ရာထူးအပေါ် တိုက်ခိုက်မှုများဖြစ်လာရစဉ် အာဏာရဖျူထိုင်းပါတီ၏ခေါင်းဆောင်ဖြစ်သော ပေတုံတန် သက်ဆင်က အကယ်၍သာ လက်ရှိဝန်ကြီးချုပ်ဆရက်သာအနေဖြင့် ထောင်ကျဖူးသည့်မှတ်တမ်းရှိသူတစ်ဦးအား အစိုးရ အဖွဲ့ဝန်ကြီး တာဝန်ပေးခဲ့မှုဖြင့် နေရာမှဖယ်ရှားခြင်းခံရပါက ၎င်းအနေဖြင့် ဝန်ကြီးချုပ်အဖြစ် အစားထိုးတာဝန်ယူရန် အဆင်သင့်မဖြစ်သေးပါကြောင်း မေလ ၂၄ ရက်တွင် ပြောခဲ့သည်။

ပေတုံတန်က ၎င်းအနေဖြင့်ဝန်ကြီးချုပ်တာဝန်ယူရန် ပြင်ဆင်ထားမှုမရှိပါသေးကြောင်း ပြောခဲ့သည်။ သို့သော် အဆိုပါစွပ်စွဲခဲနေရသည့်ကိစ္စတွင် ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးအနေဖြင့်လည်း မစ္စတာ ဆရက်သာအား ထောက်ခံလျက်ဆုံးဖြတ်မှုပေးမည်ဟုယူဆပါကြောင်း ၎င်းကပြောခဲ့သည်။

၎င်းက “ဝန်ကြီးချုပ်နေရာအတွက် ပြဿနာတစ်စုံတစ်ရာရှိမယ်မထင်ပါဘူး။ မစ္စတာဆရက်သာအနေနဲ့ ပြည်သူတွေအပေါ်သက်ရောက်မယ့် စီးပွားရေးဆိုင်ရာပြဿနာတွေကိုလည်း ကောင်းကောင်းဖြေရှင်းနိုင်ပါတယ်” ဟု ပြောခဲ့သေးသည်။

ဝန်ကြီးချုပ်ဟောင်းသက်ဆင်၏ သမီးလည်းဖြစ်သူ ပေတုံတန်က ၎င်းအနေဖြင့် ဖျူထိုင်းပါတီခေါင်းဆောင်အဖြစ်နှင့် အမျိုး သားပူးပေါင်းဆောင်ရွက်မှုတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌတို့အဖြစ် ၎င်းလုပ်ကိုင်နိုင်သမျှ အကောင်းဆုံးလုပ်ကိုင်ပေးနေကြောင်းလည်း ထပ်မံပြောကြားခဲ့သည်။

ပီချစ်က ၎င်းအား ဝန်ကြီးချုပ်ရုံးဝန်ကြီးအဖြစ်  ခန့်အပ်ခဲ့မှုအပေါ် ဥပဒေကြောင်းအငြင်းပွားမှုများ၌ ဝန်ကြီးချုပ်ဆရက်သာအား သက်ညှာမှုရှိစေရန်ဟုယူဆရသော ဆောင်ရွက်ချက်အဖြစ် မေလ ၂၁ ရက်တွင် ရာထူးမှနုတ်ထွက်လွှာ တင်သွင်းခဲ့သည်။

Ref- Bangkok Post

Leave a Reply

Your email address will not be published. Required fields are marked *