September 8, 2024

၁၇. ၅. ၂၀၂၄
Written by Ye Kyaw

စက်သုံးဆီဈေး၊ ယာဉ်အပိုပစ္စည်းဈေးနှုန်း၊ ပြင်ဆင်စရိတ်၊ နေထိုင်စားသောက်မှုစရိတ်များ အလွန်မြင့်တက်နေ၍ ကွန်တိန်နာယာဉ် ငှားရမ်းခများကို မေလ ၂၀ ရက်မှတင်၍ နှုန်းထားအသစ်ဖြင့် တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းက မေလ ၁၀ ရက်တွင် ပြုလုပ်သည့် အစည်းအဝေး (၁/၂၀၂၄) ဆုံးဖြတ်ချက်အရ ထုတ်ပြန်ထားသည်။

“တာယာက အရင်နှစ်သိန်းခွဲပဲရှိတယ်။ အခု ခုနစ်သိန်းခွဲဖြစ်နေတယ်။ ဆီဈေးကလည်းတက်နေတာ။ ရရှိတဲ့ကားခကို အရင်တုန်းက တစ်သိန်းရတယ်ထား။ အဲဒီတုန်းက ဆီဖိုးဘယ်လောက်ကုန်လဲ၊ အခုကားခဘယ်လောက်ရလဲ။ ဆီဖိုးဘယ်လောက်ကုန်လဲ အဲဒါနှုတ်လိုက်ရင် ဈေးတက်တာက ဘာမှမဟုတ်ဘူး။ အင်ဂျင်ဝိုင်တို့၊ ယာဉ်မောင်းလစာတွေ ဘာမှမတွက်နဲ့ဦး အရင်ဆီဈေးနဲ့ အခုဆီဈေးနဲ့ ကျန်တာကို တွက်လိုက်ရင်ကိုရပြီ။ အခုတက်တဲ့ဈေးကိုက မကိုက်ဘူး။ ဘာလို့လုပ်နေတာလဲဆိုတော့ ဒါမှ မလုပ်ရင်လည်း လုပ်စရာမရှိလို့” ဟု မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းမှ တာဝန်ရှိသူက ပြောသည်။

အစည်းအဝေး ဆုံးဖြတ်ချက်အရ မြန်မာ့စက်မှုဆိပ်ကမ်း (MIP)၊ Asia World ဆိပ်ကမ်း (AWPT)၊ သီလဝါဆိပ်ကမ်း (MITT) တို့မှ တိုက်ကြီးအထိ အမြင့်ဆုံး ဈေးနှုန်းမှာ ပေ ၄၀ ယာဉ် ငှားရမ်းခ ကျပ် ၄၂၇,၀၀၀ မှ ကျပ် ၅၂၇,၀၀၀၊ ပေ ၂၀ ယာဉ် ငှားရမ်းခ ၃၆၇,၀၀၀ မှ ကျပ် ၄၇၇,၀၀၀ အထိ ကျသင့်မည်ဖြစ်သည်။

ရန်ကုန်မြို့တွင်း အနိမ့်ဆုံးဈေးနှုန်းအဖြစ် ဂန္ဒီ-ညောင်တန်း-ပုဇွန်တော်ဈေး-ဗိုလ်တထောင်သို့ ပေ ၄၀ ယာဉ် ငှားရမ်းခ ကျပ် ၂၄၅,၀၀၀ မှ ကျပ် ၃၂၅,၀၀၀၊ ပေ ၂၀ ယာဉ် ငှားရမ်းခ ကျပ် ၁၈၅,၀၀၀ မှ ကျပ် ၂၇၅,၀၀၀ ကျသင့်မည်ဖြစ်ပြီး စက်မှုဇုန်များအတွက် အနိမ့်ဆုံးဈေးနှုန်းအဖြစ် သာကေတစက်မှုဇုန်သို့ ပေ ၄၀ ယာဉ် ငှားရမ်းခ ကျပ် ၂၆၄,၀၀၀ မှ ကျပ် ၃၁၄,၄၀၀၊ ပေ ၂၀ ယာဉ် ငှားရမ်းခ ကျပ် ၂၀၄,၀၀၀ မှ ကျပ် ၂၆၄,၀၀၀ ကျသင့်မည်ဖြစ်သည်။

လက်ရှိတွင် ကွန်တိန်နာယာဉ်များအနေဖြင့် ရန်ကုန်မြို့တွင်းနှင့် စက်မှုဇုန်များရှိသည့် ရွှေပြည်သာ၊ လှိုင်သာယာ စသည့်မြို့နယ်များသို့ အဓိကပြေးဆွဲနေရခြင်းဖြစ်ပြီး ခရီးရှည်မြို့ပြင်ခရီးစဉ်များ ပြေးဆွဲရမှုနည်းကာ ပြေးဆွဲရပါကလည်း ညှိနှိုင်းဈေးနှုန်းများဖြင့်သာ ဆောင်ရွက်နေရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်အသင်းမှ သိရသည်။

အဆိုပါ ယာဉ်ငှားရမ်းခများတွင် လမ်း/တံတား၊ Toll Gate ကြေး၊ အခွံထုတ်/အခွံချ/ အသားအိမ်/ နေ့ကျော်ကြေးများ မပါဝင်ကြောင်း၊ ယာဉ်မောင်းပံ့ပိုးကြေး (Driver RK) အား ကုမ္ပဏီမှ ပုံမှန်ပံ့ပိုးကြေးအပြင် အလုပ်ပေးသည့် ဂိတ်များမှ ကျပ် ၅,၀၀၀ ထပ်ဆောင်းပေးဆောင်ရမည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *