၁၆.၁၂.၂၀၂၂
Written by Nay Aung

အမေရိကန်နိုင်ငံက အသက် ၂၂ နှစ်အရွယ်ရှိ မြင်းမတစ်ကောင်ဟာ မျက်လုံးမမြင်ပေမဲ့လည်း ကမ္ဘာဂင်းနစ်စံချိန် သုံးခုကို ချိုးဖျက်နိုင်ခဲ့တာကြောင့် လူအများအံအားသင့်နေရပါတယ်။

“Endo the Blind,”လို့ ချစ်စနိုးအခေါ်ခံရတဲ့ အန်ဒိုအမည်ရှိ မြင်းမလေးဟာ ၃ ပေ ၅ ဒသမ ၇၃လက်မအထိ အမြင့်ဆုံးအလွတ်ခုန်နိုင်တဲ့ စံချိန်၊ (၁) မိနစ်အတွင်း အများဆုံးခုန်ပျံလှည့်မှုလုပ်နိုင်တဲ့စံချိန်၊ ၆ ဒသမ ၉၃ စက္ကန့်နဲ့ တိုင် ၅ တိုင်ကို အမြန်ဆုံး ကွေ့ပတ်ရှောင်ကွင်းသွားလာနိုင်တဲ့ စံချိန်တွေကို ချိုးဖျက်ပြီး ကမ္ဘာ့ဂင်းနစ်စံချိန်တင်နိုင်ခဲ့တာပါ။

မြင်းမလေးရဲ့ပိုင်ရှင်ဖြစ်တဲ့ မော်ဂမ်ဝက်နာ ဟာ မြင်းမလေးအန်ဒိုကို အသက် ၁၃နှစ်အရွယ်မှာ တွေ့ရှိခဲ့တာပါ။ မြင်းမလေးအန်ဒိုဟာ အသက် ၈နှစ်မှာ မြင်းတွေ အဖြစ်များတဲ့မျက်စိရေတိမ်၊ အတွင်းတိမ်ဖြစ်တဲ့ ရောဂါကို ခံစားခဲ့ရပါတယ်။ အင်ဒိုဟာ မော်ဂမ်ဝက်နာ ဆီရောက်ပြီး ၅နှစ်အကြာမှာ မျက်စိလုံးဝကွယ်သွားခဲ့တာပါ။

“အန်ဒိုဟာ အစပိုင်းမှာ အရမ်းကြောက်တတ်တယ်။ အဲဒါကြောင့် သူ့ကို စပါးကျီတစ်ဝိုက် လမ်းလျှောက်ဖို့ ခေါ်သွားခဲ့တယ်။ အဲဒီနောက် အိမ်နားတစ်ဝိုက် လမ်းလျှောက်ထွက်ဖြစ်ခဲ့တယ်။ အန်ဒိုက ယှဉ်ပြိုင်တာနဲ့ အမြင့်ခုန်ရတာကို နှစ်သက်တဲ့မြင်းတစ်ကောင်ဖြစ်တယ်။ ဒါကြောင့် သူနှစ်သက်တာတွေကို ပျော်ရွှင်စွာလုပ်ခွင့်ပေးပြီး ယုံကြည်ချက်ပြန်လည်ရရှိအောင် လုပ်ခဲ့ရတယ်။ အန်ဒိုရဲ့ အရင်အတွေ့အကြုံတွေဟာ သူ့ကို ထပ်ပြီးခုန်တတ်အောင် သင်ယူဖို့ အကူအညီဖြစ်ခဲ့တယ်” လို့ မော်ဂန်ဝက်နာက ဆိုပါတယ်။

မော်ဂန်ဝက်နာဟာ မြင်းမလေး အန်ဒိုရဲ့ မျက်လုံး လုံးဝမကွယ်ခင် အန်ဒိုရဲ့ မျက်လုံးကို အဝတ်နဲ့ ပိတ်စည်းပြီး အန်ဒို လမ်းလျှောက်ချိန်၊ အမြင့်ခုန်ချိန်တွေမှာ ဟန်ချက်ညီ ထိန်းညှိနိုင်အောင် လုပ်ဆောင်ပေးခဲ့တာပါ။

မြင်းမလေးအန်ဒိုဟာ ကမ္ဘာဂင်းနစ်စံချိန်တွေ ချိုးဖျက်နိုင်ဖို့ အချိန်ယူ ကြိုးစားအားထုတ်ခဲ့တာကြောင့် နောက်ပိုင်းမှာ မတူညီတဲ့ ဂင်းနစ် စံချိန်သုံးခုကိုချိုးဖျက်ပြီး အောင်မြင်မှုရရှိခဲ့တာဖြစ်တယ်လို့ မော်ဂန်ဝက်နာက ပြောပါတယ်။

မျက်လုံးကွယ်နေတဲ့ကြားက ဂင်းနစ်စံချိန်သုံးခုချိုးခဲ့တာကြောင့် အမေရိကန်နိုင်ငံက UC Davis Center for Equine Health ကလည်း မြင်းမလေးအန်ဒိုဟာ မျက်လုံးကွယ်နေပေမဲ့လည်း အခြားမြင်းတွေထက် အရာရာပိုလုပ်နိုင်ခဲ့သလို မျက်လုံးကွယ်နေတဲ့ရောဂါက မြင်းမလေးအန်ဒိုကို အောင်မြင်မှုမရအောင် တားဆီးနိုင်ခြင်းမရှိခဲ့ဘူးလို့ ချီးကျုးခဲ့ပါတယ်။

Ref, Yahoo

Leave a Reply

Your email address will not be published. Required fields are marked *

Related News